တောင်ကိုရီးယားဒုံးခွင်ဒုံးစနစ် စရိတ် အမေရိကန်ပေး

  • 30 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ထားတာကို တောင်ကိုရီးယားပြည်သူတွေဘက်က သူတို့ နေရပ်က စစ်မြေပြင် ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားဟာ ဒုံးခွင်းဒုံးစနစ်အတွက် ကုန်ကျစရိတ်ပေးရမယ်လို့ ပြောခဲ့ပေမယ့် နောက်ဆုံးမှာ အမေရိကန်က အဲဒီ ဒေါ်လာ ၁ ဘီလီယံတန် ဒုံးခွင်းဒုံးစနစ်အတွက် အကုန်အကျခံလိုက်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ၂ နိုင်ငံတို့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ၂ ယောက်တို့ ဖုန်းနဲ့ ပြောဆို အပြီးမှာ အခုလို အမေရိကန်ဘက်က အကုန်အကျခံမှု အတည်ဖြစ်သွားခဲ့တာပါ။

တောင်ကိုရီးယားမြေပေါ်မှာ တည်ဆောက်ထားတဲ့ အဲဒီ ဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယားဘက်က ပစ်ခတ်လာနိုင်တဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှုအရ အမေရိကန်က စက်ကိရိယာပိုင်းအတွက် အကုန်အကျခံရပြီး တောင်ကိုရီးယားက မြေနေရာပဲ ပေးတာ ဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ထားတာကို တောင်ကိုရီးယားပြည်သူတွေဘက်က သူတို့ နေရပ်က စစ်မြေပြင် ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒီစနစ်အတွက် ကိရိယာတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဆန္ဒပြသူ တရာလောက်က လမ်းဘေးတလျှောက် ကန့်ကွက်ခဲ့ကြပြီး တချို့က ယာဉ်တန်းကို ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်လို့ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ