လုပ်ငန်းခွင် ထိခိုက်မှု က မြင့်မားနေဆဲလို့ အလုပ်သမား အဖွဲ့တွေဝေဖန်

  • 30 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ထိခိုက်ဒဏ်ရာ ရရှိမှု နဲ့ သေဆုံးမှု စာရင်း တွေကိုလည်း တိတိကျကျ ထုတ်ပြန်ခြင်း မရှိဘူးလို့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် က ထောက်ပြ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာတော့ မြန်မာ နိုင်ငံက လုပ်သား တွေ အနေနဲ့ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာတဲ့ လုပ်ငန်းခွင် ရရှိရေး အတွက် ကတော့ အခွင့်အရေး နည်းပါး နေဆဲ ဖြစ်တယ်လို့ အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ် က ထောက်ပြဝေဖန်ပါတယ်။

အလုပ်သမား တွေ အတွက် လူမှုကာကွယ်စောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ရရှိရေး အတွက် လက်ရှိ အစိုးရ အနေနဲ့ အလေးထား ဆောင်ရွက် သင့်တယ်လို့လည်း အလုပ်သမားများ အဖွဲ့ချုပ် လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး က ဘီဘီစီကိုပြောပါတယ်။

လုပ်ငန်းခွင် အတွင်း အလုပ်သမား သေဆုံးမှု က မြင့်မား နေဆဲ ဖြစ်ပြီး လုပ်ငန်းခွင် အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှု နဲ့ သေဆုံးမှု စာရင်း တွေကိုလည်း တိတိကျကျ ထုတ်ပြန်ခြင်း မရှိဘူးလို့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် က ထောက်ပြ ခဲ့ပါတယ်။

လုပ်ငန်းခွင် အတွင်းမှာ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် တိကျတဲ့ စစ်ဆေး ဆောင်ရွက်မှု တွေ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။ လုပ်ငန်းခွင် အတွင်းမှာ ဓါတု ဆေးဝါး တွေ ကိုင်တွယ် သုံးစွဲ ရပေမယ့် တိကျတဲ့ လုပ်ငန်း လမ်းညွှန်ချက် မရှိတဲ့ အလုပ်ရုံတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင် အတွင်းမှာ ထိခိုက် ဒဏ်ရာ ရရှိပြီးမှ လူမှုဖူလုံရေး ထောက်ပံ့မှု ပေးတာ ရှိပေမယ့် ရတဲ့ လျော်ကြေးငွေက နည်းပါး လွန်းတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။ ထောက်ပံ့မှု ပေးဖို့ထက် လုပ်ငန်းခွင် မှာ ထိခိုက် ဒဏ်ရာ ရရှိမှု မဖြစ်ပွား စေဖို့ ကြိုတင် ကာကွယ်မှု ပေးခြင်း ကသာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်။

မြန်မာ နိုင်ငံ က စုစုပေါင်း အလုပ်သမား အရေအတွက် ၂၂ သန်း ထဲမှာ ၈ သိန်း ပဲ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာ ရရှိမှု အာမခံ ထားရှိတဲ့ အတွက် အများကြီး ဆောင်ရွက် ဖို့ လိုသေးကြောင်း အလုပ်သမား အဖွဲ့အစည်းတွေက ဝေဖန် ထောက်ပြ ကြပါတယ်။