ကင်ကျုံအွန်း ဟာ လူလည်ပါလို့ ထရမ့် ခေါ်ဝေါ်သုံးစွဲ

  • 1 မေ 2017
Image caption တာဝေးပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် တွေ ကို အမေရိကန် ဘက်ရောက်အောင် ပစ်လွှတ်နိုင်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ စီဘီအက်စ် ရုပ်သံ ဌာန တွေ့ဆုံ မေးမြန်းခန်း လုပ်တဲ့ အခါမှာ မြောက်ကိုးရီးယား အရေးကိစ္စ ကို ဦးစားပေး ဖြေဆိုသွားပါတယ်။

အထူးသဖြင့် အသက် ငယ်ငယ် အရွယ် နဲ့ နိုင်ငံ့ အာဏာ ရလာခဲ့တဲ့ အတွက် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကို ရမ်းကား လူလည် ကျတတ်သူ အဖြစ် တင်စား ပြောသွားပါတယ်။

သူ့ထက် အသက်ရော အတွေ့အကြုံ ပါ ရင့်ကျက် တဲ့ ဗိုလ်ချုပ်ကြီး တွေ အစိုးရ အရာရှိကြီး တွေ ကြားထဲ မှာ အုပ်ချုပ်ရေး ယန္တရား ကို ကိုင်နေရတဲ့ အတွက် အချိန်မရွေး သူ့ကို ခေါင်းဆောင် နေရာ က ဖယ်ရှားပစ် နိုင်တာမို့ လက်ဦးမှု ရအောင် ဆိုပြီး ပြီးခဲ့တဲ့ ၂နှစ် က ဦးလေး တော်သူ ဗိုလ်ချုပ်ကြီး ကို သုတ်သင် ရှင်းလင်း လိုက်သလို မကြာခင် ကလည်း မလေးရှား မှာ ဖအေတူ မအေကွဲ အကို ကို လေဆိပ်တင် လုပ်ကြံ မှု ဟာလည်း သူ့ ပယောဂ မကင်းဘူး လို့ ဆိုနေကြတာပါ။

သမ္မတ ထရမ့် ကို တရုတ် အစိုးရ နဲ့ ဆက်ဆံရေး၊ တရုတ် ရဲ့ မြောက် ကိုးရီးယား အပေါ် သြဇာ သက်ရောက်မှု စတာတွေ မေးရာ မှာတော့ တရုတ်သမ္မတ ရှီ ကတော့ မြောက်ကိုးရီး ခေါင်းဆောင် ကို ဖိအားပေး ပြောဆိုနေတယ် လို့ ထရမ့် က ယုံကြည်ထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုထိ ဘာမှ ထူးခြားမှု ရှိမလာသေးပေမဲ့ ရှိချင် လည်း ရှိလာနိုင်ပါတယ်။ ကင်ဂျုံအွန်း လွှတ်တင်နေတဲ့ ဒုံးကျည် တွေ ဟာ အသေးစားတွေ ပါ။ အကြီးစား မဟုတ်သေးပါဘူး၊ ပြီးခဲ့တဲ့ သုံးရက် က ပစ်လွှတ်ဖို့ ကြိုးစား တဲ့ ဒုံးကျည် ဟာလည်း နျူကလီးယား ဒုံးကျည် စမ်းသပ်တဲ့ အဆင့် တော့ မဟုတ်ဘူး။ ဒါကြောင်မို့ ဘာဖြစ်နိုင်မလည်း ဆိုတာ စောင့်ကြည့်ရမှာပဲ လို့ ပြောပါတယ်။

သမ္မတထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလ တုန်း ကတော့ တရုတ် အစိုးရ ကို ပစ်ပစ်နှစ်နှစ် ဝေဖန် ခဲ့ရာမှာ ငွေကြေး စျေးကွက် ကစားတဲ့ သူတွေ အဖြစ် ပြောခဲ့တာပါ။ အခုတော့ သမ္မတ ရာထူး လက်ခံ အပြီး သုံးလ မှာ သူ့လေသံ တွေ ပြောင်းသွားခဲ့ပါပြီ။

ဒါကြောင့်မို့ စီဘီအက်စ် ရုပ်သံ က တရုတ် အပေါ်ထားတဲ့ သဘောထား ပြောင်းရတဲ့ အကြောင်း မေးရာမှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး ဟာ အရေးကြီးတယ် ဆိုပေမဲ့ မြောက်ကိုးရီးယား ရဲ့ ဟော့ဟော့ရမ်းရမ်း နိုင်တဲ့ နျူကလီးယား စစ်ဗျူဟာ ဟာ လူတွေ သန်းနဲ့ချီ အသက်ဆုံးနိုင်တဲ့ အတွက် ပိုပြီး အရေးကြီးတဲ့ အကြောင်း၊ အဲဒီ အတွက် မြောက်ကိုးရီးယား နဲ့ ပတ်သက်ရင် တရုတ် နဲ့ ဆက်ဆံရေး အထစ်အငေါ့ ဖြစ်မှာ ကို မလိုလား တဲ့ အကြောင်း သမ္မတ ထရမ့် က သဘောထား မှတ်ချက် ပေးပါတယ်။

မြောက်ကိုးရီးယား ဘက်ကလည်း တာဝေးပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် တွေ ကို အမေရိကန် ဘက်ရောက်အောင် ပစ်လွှတ်နိုင် အောင် ဆက်လက်ကြိုးစားမဲ့ အနေအထားပါ။ တချို့ လက်နက်ကျွမ်းကျင်သူ တွေ ကလည်း လာမဲ့ နှစ်ကာလ တွေ မှာ ဖြစ်လာနိုင်စရာ ရှိတယ် လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ