ဂျပန်ရဲ့ အကြီးဆုံး စစ်င်္ဘောကို ကိုရီးယားကျွန်းဆွယ် အရေး အသုံးပြုလာ

  • 1 မေ 2017
Image caption ဂျပန် ရေတပ်က ဂုဏ်အယူရဆုံး စစ်သင်္ဘော

ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း၊ ဂျပန် ရေပိုင်နက်ကို ဖြတ်သွားတဲ့ အမေရိကန် ရေတပ် ထောက်ပံ့ရေး သင်္ဘောတစင်းကို ကာကွယ်ဖို့ အတွက် ဂျပန်အစိုးရက သူတို့ရဲ့ အကြီးဆုံး စစ်သင်္ဘောကြီးကို အီဇိုမိုကို စေလွှတ် လိုက်ပါတယ်။

ဒါဟာ၊ ကိုရီးယားကျွန်းဆွယ် အရေး တင်းမာ နေချိန်မှာ ဒေသတွင်း ဂျပန် နိုင်ငံကလည်း စစ်ရေးအရ ဝင်ရောက် ပတ်သက်တဲ့ အပြုအမူ လုပ်ဆောင် လာတာ ဖြစ်သလို၊ နိုင်ငံတကာ ပြဿနာတွေမှာ ဂျပန်ဘက်က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး အကြိမ် စစ်ရေးအရ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ နေရာချ ထားတဲ့ အမေရိကန် စစ်သင်္ဘောတွေကို ဆီလာဖြည့် ပေးတဲ့ ထောက်ပံ့ရေး သင်္ဘော ဂျပန် ပိုင်နက်ရေပြင်ကို ဖြတ်သန်းစဉ် အီဇိုမို သင်္ဘောကြီးက လိုက်ပြီး စောင့်ရှောက် ပေးမှာပါ။

အီဇိုမို ဟာ ရဟတ်ယာဉ် ၉ စင်း အထိ သယ်ဆောင် နိုင်တဲ့ ပေ ၈ဝဝ ကျော် အရှည်ရှိ စစ်သင်္ဘော ဖြစ်ပြီး ဂျပန်ပိုင်ဆိုင် ထားသမျှ အကြီးဆုံး တိုက်ခိုက်ရေး သင်္ဘောလည်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာ စစ်နောက်ပိုင်း ဂျပန်ရဲ့ စစ်ရေးကို မတိုးချဲ့ဖို့၊ နိုင်ငံတကာ အရေး အခင်းတွေမှာ ဂျပန်က စစ်ရေးအရ မပါဝင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို ကန့်သတ်ထားခဲ့ ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုး အာဘေး လက်ထက်မှာတော့ ဒီတင်းကြပ်မှုကို ဖြေလျှော့ပြီး ဂျပန် စစ်တပ်ကို အင်အားကြီးတဲ့ ခေတ်မှီ စစ်တပ် အဖြစ် တိုးချဲ့နိုင်ဖို့ ခွင့်ပြုတဲ့ ဥပဒေသစ် တွေ ပြဌာန်း လာတာပါတယ်။

အထူးသဖြင့် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ကျူးကျော်ရင်၊ ဒါမှမဟုတ် မြောက်ကိုရီးယားက အမေရိကန်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင် စတဲ့ အခြေအနေတွေ တွေ့ကြုံ လာရပြီဆိုရင် ဂျပန် စစ်တပ်ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စုပေါင်း ကာကွယ် ခုခံခွင့် ရှိတယ် ဆိုတဲ့ ဥပဒေသစ် တစ်ရပ် ဂျပန်မှာ ရှိနေပြီ ဖြစ်ပါတယ်။

ခုတော့ အဲဒီ ဥပဒေသစ်ကို လက်တွေ့ စတင် အသုံးချပြီး သူတို့ရဲ့ စစ်သင်္ဘောကို စစ်ရေး လေ့ကျင့်တာမျိုး မဟုတ်တဲ့ လက်တွေ့ စစ်ရေး ဆောင်ရွက်ချက် တစ်ခုမှာ ဝင်ရောက် ဆောင်ရွက် လာတာပါ။

တိုကျိုမြို့တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Rupert Wingfield-Hayes က ဂျပန် ရေတပ်က ဂုဏ်အယူရဆုံး စစ်သင်္ဘောကို ထုတ်သုံး ပြလာတာပဲလို့ ဆိုပါတယ်။

မြောက်ကိုရီးယားကို ကြည့်ရင်တော့ အမေရိကန် လေယာဉ်တင် သင်္ဘော ကားလ် ဗင်ဆန်နဲ့ ယူအက်စ်အက်စ် မီရှီဂန်တို့ကို တိုက်ခိုက် နှစ်မြှုပ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက် ထားခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းကလည်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ပြန်တဲ့ အတွက် ဒေသတွင်း စစ်ရေး စိုးရိမ်ချက်တွေဟာ အမြင့်ဆုံးမှာ ရှိနေပါတယ်။

ဒါ့အပြင် သူတို့ရဲ့ နျူကလီယာ ရည်မှန်းချက်ကိုလည်း ဆက်လက် အကောင်အထည် ဖော်မှာ ဖြစ်ပြီး၊ အမေရိကန်ရဲ့ ဖိအားတွေကို အပြင်းထန်ဆုံး အင်အားသုံး တုံ့ပြန် သွားမယ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ ကြေညာ ထားပါတယ်။