ပြင်သစ် သမ္မတလောင်းနှစ်ဦး အပြိုင်မဲဆွယ်

  • 1 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ျာစွန်းါဒီ သမ္မတလောင်း မာရီ လီ ပန်းက ပြိုင်ဘက် သမ္မတလောင်း မက်ခရောန်ဟာ လက်ရှိသမ္မတရဲ့ ဆိုးမွေ မူဝါဒအတိုင်း ဆက်သွားမယ့်သူလို့ ဝေဖန်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ လူထုစည်းဝေးပွဲတခုမှာ လက်ျာစွန်းဝါဒီ သမ္မတလောင်း မာရီ လီ ပန်း က ပြိုင်ဘက် သမ္မတလောင်း အီမဲန်ဝဲလ် မက်ခရောန်ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမတိုင်ခင် သူမသာကိုယ်မသာ ဖြစ်နေတဲ့ ပြိုင်ဘက် မစ္စတာ မက်ခရောန်ကို လူထု စစ်တမ်းမှာ အသာရဖို့ မစ်စ် လီပန်းက ကြိုးပမ်းနေတာပါ။

မစ္စတာ မက်ခရောန်ဟာ လူထုကို အလုပ်တွေ ပြုတ်၊ စီးပွားရေးလုပ်ငန်းတွေ ပျက်စေခဲ့တဲ့ လက်ရှိ သမ္မတ ဖရောန်ဆွာ အော်လောန်း ရဲ့ ဆိုးမွေ မူဝါဒတွေကို ဆက်လက်ခံ ကျင့်သုံးသွားမယ့်သူ ဖြစ်ကြောင်းနဲ့ သမ္မတ အော်လောန်းကလည်း မစ္စတာ မက်ခရောန်ကို လူထု ထောက်ခံဖို့ နေ့စဉ် မပြတ်တမ်း စည်းရုံးနေကြောင်း မစ်စ် လီပန်းက ဝေဖန် ပြောသွားပါတယ်။

အလယ်အလတ်ဝါဒီ မစ္စတာ မက်ခရောန်ဟာ သမ္မတ အော်လောန်း အစိုးရရဲ့ ဝန်ကြီးအဖြစ် အရင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက မစ္စတာ မက်ခရောန်က အီးယူ ဥရောပ သမဂ္ဂအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်လုပ် မဟုတ်ရင် ဥရောပသမဂ္ဂထဲကနေ ပြင်သစ်နိုင်ငံ နှုတ်ထွက်မယ့် အခြေအနေ ရှိတယ်လို့ ဘီဘီစီကို ပြောသွားပါတယ်။