ကင်ဂျုံအွန်းနဲ့ တွေ့ဖို့ ဝန်မလေးဘူးလို့ ထရမ့် ပြော

  • 1 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မှန်ကန်တဲ့ အခြေအနေ တစ်ခုမှာ တွေ့ဆုံမယ်လို့ ပြော

မြောက်ကိုရီးယား နဲ့ အမေရိကန် တို့ဟာ စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ် နေပေမယ့် သူ့ အနေနဲ့ ကင်ဂျုံအွန်း ကို တွေ့ဆုံဖို့ ဝန်မလေးကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ထုတ်ဖော်ပြောကြားပါတယ်။

ဘလွန်းဘက် သတင်းဌာန က ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်း ခန်းမှာ ကင်ဂျုံးအွန်း နဲ့ မှန်ကန်တဲ့ အခြေအနေ တစ်ခုမှာ တွေ့ဆုံခွင့် ရတာဟာ ဂုဏ်ယူရမယ့် ကိစ္စ အဖြစ် ဒေါ်နယ် ထရမ့် ရည်ညွှန်း ပြောဆိုပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် နဲ့ တွေ့ဆုံမယ့် ကိစ္စ ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေမှာ တော့ ဖြစ်နိုင်ဖွယ်ရာ မရှိဘူးလို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ရှောင် စပိုက်ဆာ ကတော့ မှန်ကန်တဲ့ အခြေအနေ တစ်ခုမှာ တွေ့ဆုံမယ်လို့ ပြောသွားတာပါ။ ကျနော်တို့ ရဲ့ မူဝါဒ ဖြစ်တဲ့ မြောက်ကိုရီးယားက သူ့ရဲ့ ရန်စ မှုတွေကို ရပ်တန့်ရင် တွေ့ဆုံဖို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်လို့ ပြောကြား ပါတယ်။

ဒေါ်နယ် ထရမ့် အစိုးရ ဟာ မြောက်ကိုရီးယား အရေး နဲ့ ပတ်သက်လို့ စစ်ရေး အရ အရေးယူမလား ဒါမှမဟုတ် သံတမန် ဆက်ဆံရေး လမ်းကြောင်း က ညှိနှိုင်းမလား ဆိုတာကို ဝေခွဲလို့ မရဘူးလို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။