ယာယီ ပါလက်စတိုင်း နိုင်ငံကို လက်ခံလို့ ဟားမက်စ် ထုတ်ဖော်

  • 1 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ပါလက်စတိုင်း ယာယီ နိုင်ငံ ကို ဒီ ဒေသထဲ ပေါ်ထွန်းရေး ကို လက်ခံ တဲ့ သဘော ဖြစ်

ပါလက်စတိုင်း ဟားမက်စ် အဖွဲ့ က သူတို့ ချမှတ် ရေးဆွဲပြီးသား ဖွဲ့စည်းပုံ ပဋိဉာဏ် စာတမ်း ကို မူဝါဒ အသစ်တွေ ဖြည့်စွက်ပြီး ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ၁၉၆၇ခုနှစ် မတိုင်မီ က အစ္စရေး ပိုင်နယ်မြေ အဖြစ် အိမ်နီးချင်း ဂျော်ဒန်၊ အီဂျစ် နဲ့ ဆီးရီးယား တို့ဘက် က နယ်မြေ တွေ ကို အစ္စရေး က တိုက်ယူ သိမ်းပိုက် ခဲ့တာ ကို အသိအမှတ် မပြုဘူး ဆိုတဲ့ အနေအထား ကနေ ပထမဆုံး အကြိမ် လက်ခံ တဲ့ သဘော ကို ကြေညာ လိုက်တာပါ။

ဒါပေမဲ့ ဒီဒေသ တွေ ဟာ အစ္စရေး ရဲ့ ရပိုင်ခွင့် နယ်မြေ အဖြစ်တော့ အသိအမှတ် ပြုတာ မဟုတ် ပေမဲ့ ပါလက်စတိုင်း ယာယီ နိုင်ငံ ကို ဒီ ဒေသထဲ ပေါ်ထွန်းရေး ကို လက်ခံ တဲ့ သဘော ဖြစ်ပါတယ်။

တကယ်တော့ အဆိုပါ အစ္စရေး သိမ်းပိုက် နယ်မြေ ထဲပါဝင်တဲ့ အနောက်ဘက် ကမ်း၊ အရှေ့ဂျေရုစလင် နဲ့ ဂါဇာ ကမ်းမြောင်၊ ဆိုင်းနိုင်း ကျွန်းဆွယ် စတဲ့ ဒေသတွေ မှာ ပါလက်စတိုင်း အာရပ် တွေ အခြေချ နေထိုင်ကြတာပါ။

အခု ပြင်ဆင် ထုတ်ပြန်တဲ့ စာတမ်းဟာ ပါလက်စတိုင်း ရပ်တည်ချက် အနေနဲ့ ပျော့ပြောင်း လာတဲ့ အသွင်ကို ဟားမက်စ် က ရောင်ပြန် ဟပ်စေတာ ဖြစ်တယ် လို့ လေ့လာ အကဲခတ်တွေ က ပြောပါတယ်။

ဟားမက်စ် အဖွဲ့ ခေါင်းဆောင် ခါလစ် မာရှားလ် က ဟားမက်စ် အဖွဲ့ဟာ ဂျူးလူမျိုး တွေ နဲ့ ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး၊ အစ္စရေး ထွန်းကားရေး သာ ဦးတည်ပြီး ကျူးကျော်တဲ့ ဇီယွန် ဝါဒီ တွေ ကိုသာ ရည်ညွန်းပြီး အငြင်းပွားနေရတာပါ။ ပါလက်စတိုင်း လွတ်မြောက်ရေး အတွက် နယ်ချဲ့ ကျူးကျော်သူတွေ၊ ဖိနှိပ်သူတွေ ကို ရုန်းကန် တော်လှန်တဲ့ လှုပ်ရှားမှု ပါ လို့ ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ ဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဒယ်နီ ဒယ်နွန် ကတော့ ဟားမားစ် ရဲ့ မူဝါဒအသစ် ချမှတ်မှု ကို ပယ်ချလိုက်ပါတယ်။

ဟားမက်စ် အဖွဲ့ ဆိုတာဟာ အကြမ်းဖက် အဖွဲ့သာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အစ္စရေး နိုင်ငံ ကို ဖျက်ဆီး ဖို့ သံဌိဌာန် ချထားတာပါ။ သူတို့ဟာ အစ္စရေး နယ်မြေ နဲ့ ယှဉ်ပြိုင်ရက် ပါလက်စတိုင်း နိုင်ငံ ထူထောင် ရေး ပြောနေတာ မဟုတ်ပါဘူး။ အစ္စရေး ကို အပြီးသတ် ဖယ်ရှားပြီး သူတို့နိုင်ငံ ထူထောင်ရေး ပဲ ပြောနေလို့ ဒါဟာ စိတ်မကောင်း စရာပါ။ ကျနော် တို့ အနေနဲ့ တော့ သူတို့ ကမ်းလှမ်းတဲ့ မူဝါဒ အသစ် ကို ရော ဟားမက်စ် မြို့တော် အသစ် ကိုပါ လက်ခံမှာ မဟုတ်ပါဘူး လို့ ပြောသွားပါတယ်။

ဂါဇာ ဒေသမှာ အခြေစိုက်တဲ့ ဟားမက်စ် ဟာ သူ့အဖွဲ့ ပုံရိပ် ကို အသွင် ပြောင်းပြီး ပြင်ပ ကမ္ဘာ နဲ့ ချိတ်ဆက် မိအောင် ဒီမူဝါဒ ပြင်ဆင်ရေး အပိုင်း လုပ်ရတာပါ လို့ ဟားမက်စ် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ဆိုပါသေးတယ်။

ဂါဇာဒေသ ဟာ ဆိုရင် ပြီးခဲ့တဲ့ ၁၀နှစ် အတွင်း အစ္စရေး နဲ့ အီဂျစ် ရဲ့ ပိတ်ဆို့မှု ကို ခံထားရခြင်း ကလည်း မွတ်ဆလင် ညီနောင် များ အကြမ်းဖက် အဖွဲ့ရဲ့ ရန် ကို တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီ အတွက် ဂါဇာ နယ်ခံ ပါလက်စတိုင်း နှစ်သန်း နီးပါးရဲ့ စီးပွားရေး ရော မှီတင်း နေထိုင်မှု ပါ ချွတ်ခြုံ ကျလာခဲ့ပါတယ်။

ဟားမက်စ် ရဲ့ ကြေညာချက် ဟာ လည်း ဒီ သီတင်းပတ် နှောင်းပိုင်းမှာ အနောက်ဘက်ကမ်း အခြေစိုက်တဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင် မာမွတ် အာဘတ်စ် က အမေရိကန် သမ္မအတ ဒေါ်နယ်ထရမ့် နဲ့ အိမ်ဖြူတော် မှာ တွေ့ဖို့ အစီအစဉ် မတိုင်မီ ထွက်လာတာ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် တွေ ပေးပို့ချက် သတင်းတွေ ထဲ က ကောက်နှုတ် တင်ပြလိုက်ရပါတယ်။