နေးတိုးယာဉ်တန်း ကာဘူးလ်မှာ ဗုံးခွဲ တိုက်ခိုက်ခံရ

  • 3 မေ 2017
Image caption အမေရိကန် သံရုံး အနီး တိုက်ခိုက် ခံခဲ့ရ

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ နေရာချထားတဲ့ နေးတိုး မဟာမိတ်အဖွဲ့ရဲ့ ယာဉ်တန်း အသေခံ ဗုံးခွဲ တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် အနည်းဆုံး လူ ၈ ယောက် သေဆုံး သွားတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ အားလုံး အရပ်သားတွေ ဖြစ်တယ်လို့ အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

အမေရိကန် နိုင်ငံသား အမှုထမ်းတွေ အပါအဝင် ၂၅ ယောက် ဝန်းကျင်လည်း ဒဏ်ရာ ရသွားပါတယ်။

မနက် ရုံးချိန် ယာဉ်သွား ယာဉ်လာတွေနဲ့ ရှုပ်ထွေး နေချိန် အမေရိကန် သံရုံး အနီးမှာ အခုလို တိုက်ခိုက် ခံခဲ့ရတာပါ။

ပစ်မှတ် ထားခံခဲ့ရတဲ့ ယာဉ်တန်းထဲက ကားနှစ်စင်း ဆိုးဆိုးရွားရွား ပျက်စီး သွားခဲ့သလို၊ ဘေးနားက ဖြတ်သွားဖြတ်လာ ကားတချို့ပါ ထိခိုက် သွားပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေက သူတို့ တိုက်ခိုက် ခဲ့တာလို့ ကြေညာပါတယ်။

၂ဝ၁၅ ကတည်းက အာဖဂန်နစ္စတန် နိုင်ငံထဲမှာ IS အဖွဲ့ ရှိလာခဲ့ပြီး၊ လတ်တလော ဖြစ်ပေါ် ခဲ့တဲ့ တိုက်ခိုက်မှု တချို့ကို သူတို့ ပြုလုပ်တာ ဆိုပြီး ကြေညာ ထားပါတယ်။

အခု တိုက်ခိုက် ခံလိုက်ရတဲ့ ယာဉ်တန်းထဲက ဗုံးဒဏ်ကို ခံနိုင်တဲ့ သံချပ်ကာ ကားတွေ ကတော့ ဌာနချုပ် စခန်းရှိရာ ပြန်ရောက် လာကြတယ်လို့ အဲဒီမှာ ရှိတဲ့ နေးတိုး အဖွဲ့က လူမှုကွန်ရက် တွစ်တာပေါ် ရေးသားထားတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ