ဘရက်ဇစ်မှာ လျော်ကြေး ယူရို ဘီလျံ ၁ဝဝ ထိ မပေးနိုင်

  • 3 မေ 2017
Image caption အီးယူ လိုချင်သလောက် ပေးမှာမဟုတ်

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲက ဗြိတိန် နှုတ်ထွက်တဲ့ ဘရက်ဇစ် လုပ်ငန်းစဉ်မှာ နစ်နာကြေး လျော်ကြေး အနေနဲ့ ယူရိုငွေ သန်းဘီလျံပေါင်း ၁ဝဝ ပေးမှာ မဟုတ်ဘူး ဆိုပြီး ဗြိတိန်ဘက်က ဦးဆောင် ဆွေးနွေးမယ့် ဒေးဗစ် ဒေးဗစ်(စ)က ပြောလိုက်ပါတယ်။

ယူကေ အနေနဲ့ ဥပဒေကြောင်း အရ ပေးသင့် ပေးထိုက်တဲ့ ပမာဏကို ပေးမှာ ဖြစ်ပေမယ့်၊ အီးယူ လိုချင်သလောက် ပေးမယ် ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ မစ္စတာ ဒေးဗစ်(စ)က ဆိုပါတယ်။

အီးယူ အနေနဲ့ နစ်နာကြေးကို ယူရို ဘီလျံ ၆ဝ ထက် ပိုပြီး တောင်းလာ နိုင်ဖွယ် ရှိတယ်လို့ ဗြိတိန်ရဲ့ နာမည်ကျော် သတင်းစာ ဖြစ်တဲ့ Financial Times က ဖော်ပြ ခဲ့ပြီး၊ ဘီလျံ ၁ဝဝ ဆိုတဲ့ ပမာဏကို ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန် တို့က လာတဲ့ သတင်းတွေ အပေါ် အခြေခံ သုံးသပ် ထားတာလို့လည်း ဆိုပါတယ်။

အီးယူဘက်က ဦးဆောင် ဆွေးနွေးမယ့် ညှိနှိုင်းရေးမှုး မီရှဲလ်ဘာညေးက ဘရက်ဇစ် စကားဝိုင်း တွေနဲ့ ပတ်သက်လို့ သူ့ရဲ့ လုပ်ငန်း လမ်းညွှန်တွေကို ဒီနေ့ မေလ ၃ ရက် နေ့မှာပဲ ထုတ်ပြန်လာဖို့ ရှိနေပါတယ်။

မစ္စတာ ဘာညေးရဲ့ လမ်းညွှန်ထဲမှာ ဘဏ္ဍာရေး ဆိုင်ရာ ဘယ်၍ဘယ်မျှ တောင်းဆိုမယ် ဆိုတဲ့ ကိန်းဂဏန်းမျိုး ထည့်သွင်း ထားနိုင်ဖွယ် မရှိပါဘူး။

ဒါပေမယ့် လျော်ကြေးငွေ တိုးမြှင့် လာမယ်ဆိုရင် ဘရက်ဇစ် စကားဝိုင်းတွေဟာ အစဦးမှာ ကတည်းက ချောချောမွေ့မွေ့ ရှိဖို့ ခက်လိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။