ဗင်နီဇွဲလားဆန္ဒပြပွဲ သေသူ ၃ဝ ကျော်ပြီ

  • 4 မေ 2017
ဓာတ်ပုံ မူပိုင် FEDERICO PARRA
Image caption ဆန္ဒပြသူတွေက လွှတ်တော် အဆောက်အဦကို ချီတက်

ဗင်နီဇွဲလား နိုင်ငံတဝှမ်း မြို့ကြီးတွေမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြား ထပ်မံ ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ လူတယောက်သေတယ်လို့ သတင်း ရရှိပါတယ်။

ကရားကပ်စ် မြို့တော်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက လွှတ်တော် အဆောက်အဦကို ချီတက်လာရာမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူငယ်တွေက ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပြန်လှန် ပစ်ခတ်ခဲ့ပါတယ်။

ရေပိုက်တွေနဲ့လည်း ထိုးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။

ဆန္ဒပြခွင့်ဟာ လက်လွတ်စပယ် မဖြစ်သင့်ကြောင်းလည်း ဗင်နီဇွဲလား တရားရေးနဲ့ ပြည်ထဲရေး ဝန်ကြီးက ရုပ်သံက သတိပေးခဲ့ပါတယ်။

ဗင်နီဇွဲလား သမ္မတ နိကလပ်စ် မဒူးရိုးက ဖွဲ့စည်းပုံ အသစ်ရေးဖို့ တိုင်းပြည်ပြု လွှတ်တော် အသစ် ခေါ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒီလို ဆန္ဒပြပွဲတွေ ထပ်ဖြစ်ခဲ့တာပါ။

အတိုက်အခံတွေက ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ကွန်ဂရက် လွှတ်တော်ကို ချောင်ထိုးဖို့ ကြံတာလို့ စွပ်စွဲ နေကြပါတယ်။

ဗင်နီဇွဲလား နိုင်ငံရေး အကျပ်အတည်းတွေမှာ ကြားဝင်ဖြန်ဖြေပေးခဲ့ဖူးတဲ့ ပါမောက္ခ Jennifer McCoy ကတော့ အခြေခံ ဥပဒေ ပြန်ရေးမယ့် အစီအစဉ်ကို ၂ ဘက် တိုင်ပင်ပြီး သဘောတူခဲ့မယ် ဆိုရင် ထွက်ပေါက် ဖြစ်နိုင်ပေမယ့် တဘက်သတ် အစိုးရဘက်ပဲ ဆုံးဖြတ်တာ ဆိုတော့ အတိုက်အခံတွေက ပိုပြီး ဆန့်ကျင် လာကြတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ