ပြင်သစ် သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲမှာ အပြန်အလှန် ပုတ်ခတ် ပြောဆို

  • 4 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မစ်စ် လီပန်းနဲ့ မစ္စတာ မက်ခရောန် တို့ တဦးနဲ့တဦး ရင့်ရင့်သီးသီး ပုတ်ခတ်ပြောဆိုခဲ့ကြ

ပြင်သစ်နိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ကျရင် ကျင်းပမယ့် ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ် မနေ့ညက သမ္မတလောင်း နှစ်ဦး ရုပ်မြင်သံကြားပေါ်ကနေ အခြေအတင် စကားစစ်ထိုးခဲ့ကြပါတယ်။

လူထုစစ်တမ်းအရ အလယ်အလတ်ဝါဒီ သမ္မတလောင်း အီမဲန်ဝဲလ် မက်ခရောန်းဟာ လက်ျာစွန်းဝါဒီ သမ္မတလောင်း မာရီ လီပန်း ထက် ပိုအသာရနေတာပါ။

ဒါပေမယ့်လည်း ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာ ဝေခွဲမရ ဖြစ်နေတဲ့ မဲဆန္ဒရှင် ၁၈ရာခိုင်နှုန်းရဲ့ ထောက်ခံမှု ရဖို့ ဒီအခြေအတင် စကားစစ်ထိုးပွဲမှာ အကြီးအကျယ် ကြိုးပမ်းဖို့ သမ္မတလောင်းနှစ်ဦးက သန္နိဋ္ဌာန် ချထားတာ ဖြစ်ပါတယ်။

တနာရီခွဲလောက် ကြာတဲ့ အဲဒီ အခြေအတင် စကားစစ်ထိုးပွဲမှာ အချိန်အများစုက တဦးနဲ့ တဦး ရင့်ရင့်သီးသီး အပြန်အလှန် ပုတ်ခတ်ပြောဆိုခဲ့ကြပါတယ်။

လက်ျာစွန်းဝါဒီ သမ္မတလောင်း မာရီ လီပန်းက ပြိုင်ဘက် အလယ်အလတ်ဝါဒီ သမ္မတလောင်း အီမန်ဝဲလ် မက်ခရောန်းဟာ ပြင်သစ်နိုင်ငံရဲ့ ပိုင်ဆိုင်မှု တွေကို ပုံအောချပြီး ဂလိုဘယ်လိုင်ဇေးရှင်းဆိုတဲ့ ကမ္ဘာတဝန်း တပြေးညီ ဖြစ်ရေး ကို ထိန်းမနိုင်သိမ်းမရ လုပ်နေတဲ့ သမ္မတလောင်း တဦးဖြစ်တယ် ဆိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

ပြင်သစ်ပြည်သူတွေအတွက် နိုင်ငံရေး ရွေးချယ်စရာ နည်းလမ်းက ရှင်းရှင်းလေးပါ။ မစ္စတာ မက်ခရောန်ဟာ ကမ္ဘာတဝန်း တပြေးညီ ဖြစ်ရေးကို အကြီးအကျယ် ထိန်းမနိုင်သိမ်းမရ လုပ်နေသူ၊ လူမှုရေးပိုင်းမှာ လူမဆံသူ၊ လူတွေ တဦးနဲ့ တဦး မတဲ့အောင် လုပ်နေသူ၊ စီးပွားရေးစနစ်ကြီး တခုလုံး ပြိုပျက်သွားအောင် အထူးသဖြင့် ပြင်သစ်နိုင်ငံရဲ့ ကုမ္ပဏီကြီးတွေကို ဖျက်ဆီးဖို့ လုပ်နေတဲ့ သမ္မတလောင်း ဖြစ်တယ်။ သူ့ကို လက်ရှိ သမ္မတ ဖရောန်ဆွာ အော်လောန်းက ကြိုးဆွဲနေတာ လို့ မာရီ လီပန်းက စွပ်စွဲ ပြောသွားခဲ့ပါတယ်။

အီမန်ဝဲလ် မက်ခရောန် ဘက်ကလည်း မာရီ လီပန်းဟာ ပြင်သစ်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှု အခက်အခဲတွေကို အရှုံးပေးခိုင်းနေတယ်လို့ တုန့်ပြန် စွပ်စွဲခဲ့ပါတယ်။

မာရီ လီပန်းဟာ အရှုံးပေးတဲ့ စိတ်ဓါတ်တွေကို ပြင်သစ်ပြည်သူတွေဆီ သွတ်သွင်းနေကြောင်း၊ ကမ္ဘာတဝန်း တပြေးညီ ဖြစ်အောင် လုပ်ရေးဟာ ပြင်သစ်ပြည်သူတွေအတွက် သိပ်ကို ခက်ခဲလွန်းတယ်။ နယ်စပ်တွေကို ပိတ်ပစ်၊ ဥရောပသမဂ္ဂထဲက ထွက်၊ ယူရိုငွေသုံးတာရပ် ဆိုတဲ့ သဘောမျိုးတွေ ပြောနေကြောင်း၊ ဒါ့အပြင် အကြမ်းဖက်ဝါဒရဲ့ အနိုင်ယူတာကို ခံနေရကြောင်း၊ ဒီမိုကရေစီ နိုင်ငံတွေ အားလုံးဟာ ဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ကတော့ အောင်မြင်မှု စိတ်ဓါတ်ကိုပဲ ကိုယ်စားပြုသွားမှာ ဖြစ်ကြောင်း အီမန်ဝဲလ် မက်ခရောန်က ချေပ ပြောသွားခဲ့ပါတယ်။

သူတို့ နှစ်ဦးမှာ ပင်ကိုယ်စရိုက်လက္ခဏာ ကစလို့ နိုင်ငံရေး အမြင်အဆုံး တချက်ကလေးမှ ဆင်တူတဲ့ လက္ခဏာ မတွေ့ရပဲ တဦးနဲ့ တဦးလည်း ခါးခါးသီးသီး အမုန်းပွားနေကြပုံ ရှိပါတယ်။

အခု ဒီ အခြေအတင် စကားစစ်ထိုးပွဲမှာ နှစ်ဦးအကြား လက်ျာ လက်ဝဲ အမြင်သဘောထားသာ မက ပြင်သစ်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေအကြား ကွဲပြား ခြားနားတဲ့ အမြင်တွေကို အိတ်သွန်ဖာမှောက် ပြောချသွားကြတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် Hugh Schofield က ပဲရစ်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ