တော်ဝင်မိသားစု တာဝန်တွေက မင်းသားကြီး ဖိလစ် အနားယူပြီ

  • 4 မေ 2017
Image caption နိုဝင်ဘာ လထဲမှာ ဘုရင်မကြီးနဲ့ မင်းသားကြီးတို့ရဲ့ အနှစ် ၇ဝ မြောက် မင်္ဂလာ နှစ်ပတ်လည် ရှိနေ

ဗြိတိန် နိုင်ငံ ဘုရင်မကြီး အဲလိဇဘက်ရဲ့ ကြင်ရာတော် မင်းသားကြီး ဖိလစ်ဟာ လာမယ့် နွေဦးပေါက် ကာလက စပြီး တော်ဝင် မင်းသားစုဝင် တစ်ယောက် အနေနဲ့ ထမ်းဆောင်မယ့် လုပ်ငန်း တာဝန် တွေကနေ အနား ယူတော့မယ်လို့ ဘာကင်ဟမ် နန်းတော်က ကြေညာပါတယ်။

အဲဒီလို အနားယူမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို အက်ဒင်ဘရာ မြို့စားကြီး ဘွဲ့ခံ မင်းသားကြီး ဖိလစ် ကိုယ်တိုင် ဆုံးဖြတ်တာ ဖြစ်ပြီး၊ အဲလိဇဘက် ဘုရင်မကြီး ကလည်း သဘောတူ အားပေးတယ်လို့ ဘာကင်ဟမ် နန်းတော်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

ရှေ့လဆိုရင် ၉၆ နှစ် ပြည့် ပြီ ဖြစ်တဲ့ မင်းသားကြီး ဖိလစ်ဟာ အခု အချိန်က စလို့ ဩဂုတ်လ အထိ စီစဉ် ထားနှင့်ပြီး အခမ်းအနားတွေကို တော့ တက်ရောက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းသားကြီး အနားယူဖို့ ဆုံးဖြတ်တာဟာ အထွေအထူး ကျန်းမာရေး စိုးရိမ်မှုတွေ ရှိနေလို့ မဟုတ်ဘူးလို့ တော်ဝင်မိသားစု ဆိုင်ရာ ဘီဘီစီ သတင်းထောက် နိကိုးလပ်စ် ဝစ်ချဲလ်က ပြောပါတယ်။

ဘာကင်ဟမ် နန်းတော်ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် မင်းသားကြီးဖိလစ်ပ်ဟာ တာဝန်တွေ ကနေ အနားယူချင်ပြီ ဆိုတာ သိသာပေမယ့်၊ ဘယ်ပွဲလမ်းကိုမှ လုံးဝ မသွားတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး ဆိုပြီးတော့လည်း နိကိုးလပ်စ် ဝစ်ချဲလ် ဆိုပါတယ်။

အခုနှစ် နိုဝင်ဘာ လထဲမှာကို ဘုရင်မကြီးနဲ့ မင်းသားကြီးတို့ရဲ့ အနှစ် ၇ဝ မြောက် မင်္ဂလာ နှစ်ပတ်လည် ရှိနေပါတယ်။

ကြင်ရာတော် အခုလို အနားယူဖို့ အခုလို ဆုံးဖြတ်ပေမယ့် အသက် ၉၁ နှစ် အရွယ် ဘုရင်မကြီး ကတော့ အများပြည်သူနဲ့ ထိတွေ့ ဆက်ဆံမယ့် တော်ဝင် မိသားစု တာဝန်တွေ ဆက်လက် ထမ်းဆောင် ဦးမှာ ဖြစ်တယ်လို့ ဘာကင်ဟမ် နန်းတော်က ပြောပါတယ်။

မင်းသားကြီး ဖိလစ်ဟာ အသက် ၉၆ နှစ် အထိ သူ့ရဲ့ တာဝန် ဝတ္တရားတွေကို ထမ်းရွက် ခဲ့တာမှာ ၂၀၁၆ ထဲမှာဆိုရင် ရက် ပေါင်း ၁၁ဝ မှာ သူ ပါဝင်ပတ်သက်တဲ့ အခမ်းအနားတွေ ရှိခဲ့ပြီး ဒါဟာ တော်ဝင် မိသားစုဝင်တွေထဲ ၅ ယောက်မြောက် အလုပ်အများဆုံး သူဖြစ်တယ် ဆိုတာ ဖော်ပြ နေပါတယ်။

မင်းသားကြီးဟာ အဖွဲ့အစည်းပေါင်း ၇၈၀ မှာ ဂုဏ်ထူးဆောင် နာယက အနေနဲ့ ဖြစ်စေ၊ ဥက္ကဌ ရာထူးကို ဖြစ်စေ၊ ဒါမှမဟုတ် အဖွဲ့ဝင် တစ်ယောက် အနေနဲ့ ဖြစ်စေ ပါဝင် ပတ်သက် နေသူ ဖြစ်ပါတယ်။

ယူကေနိုင်ငံနဲ့ ဓနသဟာရ နိုင်ငံတွေမှာသာမက၊ ကမ္ဘာ အနှံ့ မင်းသားကြီး ဖိလစ် တည်ထောင် ထားတဲ့ ပရဟိတ အဖွဲ့တွေ၊ ထူးချွန်ဆု ပေးတာတွေ အမြောက်အများ ရှိပါတယ်။

လူငယ် တွေ ဘဝ တိုးတက် ဖွံ့ဖြိုးရေးကိုရည် ရွယ်လို့ ၁၉၅၆ ခုနှစ် ကတည်းက ပေးလာခဲ့တဲ့ အက်ဒင်ဘရာ မြို့စားကြီး ဆုဟာ ကမ္ဘာ အနှံ့ နိုင်ငံပေါင်း ၁၄ဝ က လူငယ်တွေ ဘဝကို ပြီးခဲ့တဲ့ အနှစ် ၆ဝ အတွင်း ပြောင်းလဲအောင် ကူညီ နိုင်ခဲ့တယ် ဆိုပြီး အများက ချီးကျူး ပြောဆိုလေ့ ရှိပါတယ်။