တရုတ်ထုတ် ပထမဆုံး ခရီးသည်တင်လေယာဉ် စမ်းသပ်ပျံသန်း

  • 5 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီ စီ ၉၁၉ အမျိုးအစား တရုတ်ဂျက်လေယာဉ်ဟာ အမေရိကန်ရဲ့ ဘိုရင်း ၇၃၇ နဲ့ ပြင်သစ်ရဲ့ အဲဘတ်စ် အေ ၃၂၀ တို့ရဲ့ တိုက်ရိုက် ပြိုင်ဘက် တခု ဖြစ်လာပါတော့မယ်။

တရုတ်နိုင်ငံဟာ လူ ၁၆၀ တင်ဆောင်နိုင်တဲ့ သူ့ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပိုင်ထုတ် ခရီးသည်တင် ဂျက်လေယာဉ်ကြီး တစင်းကို စတင် စမ်းသပ် ပျံသန်းလိုက်ပါပြီ။

ဒါဟာ ခရီးသည်တင်လေယာဉ်ဈေးကွက်ကို လွှမ်းမိုးထားတဲ့ ဘိုရင်းနဲ့ အဲဘတ်စ်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။

တရုတ် အစိုးရပိုင် Comac ကုမ္ပဏီရဲ့ ဒီစီမံကိန်းဟာ ၂၀ဝ၈ ခုနှစ်ကတည်း စတင်ခဲ့တာပါ။

စတင်ပျံသန်းမယ့် ခရီးစဉ်ကို အကြိမ်ကြိမ်နောက်ဆုတ်ခဲ့ရပေမယ့် ဒီနေ့မှာတော့ မိနစ် ၉၀ ကြာ လေထဲမှာ အဖွင့် ပျံသန်းပြီးနောက် တရုတ်ထုတ် လေယာဉ်ကြီးဟာ ရှန်ဟိုင်းမြို့ ဖူဒွန်လေဆိပ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။

အခုအချိန်မှာ တရုတ်ပြည်ဖြစ် ဒီ လေယာဉ်အမျိုးအစားကို လေကြောင်းကုမ္ပဏီ၂၃ ခု က အစီးရေ ၅၀ဝ ကျော် မှာယူထားကြပြီး ဝယ်ယူသူအများစုက တရုတ်လေကြောင်းလိုင်းတွေ ဖြစ်ပါတယ်။

အဓိက ဖောက်သည်ကတော့ တရုတ်အရှေ့ပိုင်း (China Eastern Airlines) လေကြောင်းလိုင်း ဖြစ်ပါတယ်။

ပြည်တွင်းဖြစ် ကိုယ်ပိုင် ခရီးသည်တင် လေယဉ် ထုတ်လုပ်ခြင်းဟာ ဘေဂျင်း အစိုးရရဲ့ ကမ္ဘာ့ လေကြောင်း ဈေးကွက်ထဲကို ထိုးဖောက်ရောက်ရှိလိုတဲ့ စိတ်အားထက်သန် ခိုင်မာတဲ့ ရည်ရွယ်ချက်ရဲ့ ပြယုဂ် တခု ဖြစ်ပါတယ်။

ဒီ စီ ၉၁၉ အမျိုးအစား တရုတ်ဂျက်လေယာဉ်ဟာ အမေရိကန်ရဲ့ ဘိုရင်း ၇၃၇ နဲ့ ပြင်သစ်ရဲ့ အဲဘတ်စ် အေ ၃၂၀ တို့ရဲ့ တိုက်ရိုက် ပြိုင်ဘက် တခု ဖြစ်လာပါတော့မယ်။

ကမ္ဘာ့ခရီးသည်တင် လေယာဉ် ထုတ်လုပ်မှု ဈေးကွက်ဟာ လာမယ့် အနှစ် ၂၀ အတွင်းမှာ ၂ ထရီလျံ တန်ဖိုးအထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။