အီးယူကထွက်ရင် လန်ဒန်ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု တန့်သွားနိုင်

  • 5 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂိုးလ်မန်းဆက်ချ်ရဲ့ လက်ရှိဥရောပဌာနချုပ်က လန်ဒန်မှာရှိနေ

ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ အီးယူအဖွဲ့က ထွက်ရင် ဘဏ္ဍာရေး ဝန်ဆောင်မှု ဗဟိုချက်မ ဖြစ်တဲ့ လန်ဒန်ရဲ့ လုပ်ငန်းလည်ပတ်မှု တန့်သွားနိုင်တယ်လို့ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုဘဏ် ဂိုးလ်မန်းဆက်ချ်က ပြောဆိုလိုက်ပါတယ်။

ဂိုးလ်မန်းဆက်ချ်ရဲ့ ဥက္ကဋ္ဌ လွိုက် ဘလန့်ခ်ဖီးန်က

'ဗြိတိန်ကတဆင့် အီးယူနဲ့ ဆက်ဆံရတဲ့ အကျိုးအမြတ်လည်းမရဘူး၊ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လို ဖြစ်လာမလဲဆိုတာလဲ ဘယ်သူမှ မသိဘူးဆိုရင်တော့ တချို့လုပ်ငန်းတွေက ဗြိတိန်မှာ လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် မထားတော့တာမျိုး ဖြစ်လာနိုင်ပါတယ်'လို့လည်း ပြောခဲ့ပါတယ်။

ဗြိတိန် အီးယူက ထွက်လိုက်တာနဲ့ လန်ဒန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍ တိုးတက်မှု ဆုတ်ယုတ် သွားမှာ မဟုတ်ပေမယ့် ဒီကဏ္ဍရဲ့ အနာဂတ်ဟာ ဗြိတိန် အီးယူက ထွက်ရေးဆိုင်ရာ သဘောတူချက်တွေ အပေါ်မှာ မူတည်နေတယ်လို့လည်း သူက ပြောပါတယ်။

လန်ဒန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍဟာ အလုပ်သမား အရေအတွက် တသန်းကျော် ခန့်အပ်ထားပြီး အစိုးရ ရသမျှ အခွန်ရဲ့ ၁၂ ရာခိုင်နှုန်းနီးပါးကို ပေးဆောင်နေတဲ့ လုပ်ငန်းအမျိုးအစားလည်း ဖြစ်ပါတယ်။

ဂိုးလ်မန်းဆက်ချ်ကိုယ်တိုင်ကလည်း ဗြိတိန်မှာရှိတဲ့ ထောင်ချီတဲ့ ဝန်ထမ်းတွေထဲက တချို့ကို အရေးကြုံလာရင် ဥရောပဘက်ကို ရွှေ့ဘက်လည်း အစီအစဉ်ရှိတယ်လို့ မစ္စတာ ဘလန့်ခ်ဖီးန်က ပြောပါတယ်။

ဗြိတိန် ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍက ဘယ်လောက် စိတ်ချရမှု ရှိလဲ ဆိုတာကို ဂိုးလ်မန်းဆက်ချ်က ဗြိတိန်မှာ ရုံးခန်းထားရှိမှုနဲ့ တိုင်းတာကြတယ်လို့ အများက ယူဆထားကြတာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ