ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြန်

  • 6 မေ 2017
Image caption ဆန္ဒပြ ချီတက်ပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့

ဗင်နီဇွဲလား နိုင်ငံ မြို့တော် ကာရာကပ်စ် အပါအဝင် နိုင်ငံတလွှားက မြို့ကြီးတွေမှာ အခု နောက်ဆုံး ဖြစ်လာပြန်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း အမျိုးသမီးတွေ ထောင်နဲ့ချီ ပါဝင် လာကြပါတယ်။

ဆန္ဒပြသမား တော်တော်များများဟာ အဖြူရောင် ဝတ်စုံတွေ ဝတ်ဆင် ထားကြပြီး လက်ရှိ အစိုးရရဲ့ အာဏာရှင်ဆန်မှုနဲ့ ဖိနှိပ်မှုတွေ အပေါ် ရှုတ်ချတယ် ဆိုတဲ့ ပိုစတာတွေလည်း ဆွဲကိုင် ခဲ့ကြပါတယ်။

အခု ဖြစ်ပေါ်လာတဲ့ ဆန္ဒပြ ချီတက်ပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့်လည်း၊ ပြီးခဲ့တဲ့ လတုန်းကတော့ လူ ၃၆ ယောက် သေဆုံးပြီး ရာနဲ့ချီ ထိခိုက် ဒဏ်ရာ ရခဲ့ကြတဲ့ အထိ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဗင်နီဇွဲလား နိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး အကြပ်အတည်းကြောင့် လူတွေရဲ့ အစိုးရ အပေါ် မကျေနပ်ချက်တွေဟာ အတိုက်အခံတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ထံက အာဏာကို ရုတ်သိမ်းဖို့ တရားရုံးချုပ်က ကြိုးစား လာခဲ့ချိန်မှာတော့ ပေါက်ကွဲ ထွက်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်၊ ဗင်နီဇွဲလား လွှတ်တော် ဥက္ကဌ ဟူလီယို ဘိုးခက်စ် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် မြို့တော်မှာ ရောက်နေပြီး သမ္မတ ထရမ့်ရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး H R McMaster နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗင်နီဇွဲလားရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် လက်ရှိ အစိုးရက လေးစား လိုက်နာဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးဖို့ မစ္စတာ မက်မတ်စတာနဲ့ မစ္စတာ ဘိုးခက်စ်တို့ကြား သဘောတူ ခဲ့ကြတယ်လို့ ဆိုပါတယ်။