အသက်အငယ်ဆုံး ပြင်သစ် သမ္မတ ကို နိုင်ငံတကာ က ဂုဏ်ပြု

  • 8 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြင်သစ် နိုင်ငံသားတွေဟာ အမျိုးသားရေး အစွန်းရောက် ဝါဒ ကို ငြင်းပယ် ခဲ့ကြတယ်လို့ ဝန်ကြီးချုပ် ဘယ်နား ကက်နက်ဇ် က ပြော

မေလ ၇ ရက်နေ့က ကျင်းပ ခဲ့တဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ဒုတိယ အကျော့မှာ တော့ အလယ်အလတ်ဝါဒီ အီမန်နျူရယ် မက်ခရွန်း အနိုင် ရရှိခဲ့ပါတယ်။ ဆန္ဒမဲရရှိမှုမှာ မက်ခရွန်း က ၆၅ ရာခိုင်နှုန်း ရှိပြီး မာရီး လီပန်း ကတော့ ၃၅ ရာခိုင်နှုန်း သာ ရှိပါတယ်။

ရွေးကောက်ပွဲ အောင်ပွဲခံ မိန့်ခွန်း ပြောကြားရာမှာတော့ မစ္စတာ မက်ခရွန်း က သူ့ အနေနဲ့ ဥရောပ သမဂ္ဂ နဲ့ ပြင်သစ် နိုင်ငံ အကြား ပိုမိုကောင်းမွန် တဲ့ ဆက်ဆံရေး ရရှိဖို့ ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။ ဒါ့ အပြင် ရာသီဥတု ပြုပြင်ပြောင်းလဲရေး နဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပပျောက်ရေး တို့ ကို ကြိုးပမ်း လုပ်ဆောင် သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

အသက် ၃၉ နှစ်သာ ရှိသေးတဲ့ အီမန်နျူရယ် မက်ခရွန်း က လက်ျာယိမ်း အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီးလီပန်း ကို မဲ အပြတ်အသတ် နဲ့ အနိုင် ရရှိတာ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ် ကတည်းက စပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြင်သစ် အုပ်ချုပ်ရေး ကို လွှမ်းမိုး ထားခဲ့တဲ့ ရီပတ်ဘလီကန် နဲ့ ဆိုရှယ်လစ် ပါတီ တို့ကို ကျော်လွန် ပြီး ပါတီသစ်က သမ္မတ တစ်ဦးကို ပထမဆုံး ရွေးကောက် တင်မြှောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ဒုတိယ အကျော့မှာ ရှုံးနိမ့် သွားခဲ့တဲ့ လက်ျာယိမ်း အမျိုးသားရေး ဝါဒီ မာရီး လီပန်း ကတော့ အဓိက အတိုက် အခံ အဖြစ် ဆက်လက် ရပ်တည် သွားမယ်လို့ ပြောပါတယ်။

အမျိုးသား တပ်ဦး ပါတီ က သမ္မတ လောင်း မာရီး လီပန်း က Globalist လို့ ခေါ်တဲ့ ကမ္ဘာ လွှမ်းခြုံတဲ့ အယူဝါဒ နဲ့ အမျိုးသားရေး ကို ဦးစားပေးတဲ့ အယူဝါဒ ကြောင့် ပြင်သစ် မှာ စည်းလုံးညီညွှတ်မှု ပျက်ပြား နေပြီလို့ သူက ပြောပါတယ်။ ပြင်သစ် နိုင်ငံ ရဲ့ ဝိသေသ လက္ခဏာ တွေ ပြန်လည် ရရှိဖို့ ဆက်လက် ကြိုးပမ်း မယ်လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အခု သမ္မတ ရွေးကောက်ပွဲ ဒုတိယ အကျော့မှာ ပြင်သစ် နိုင်ငံသားတွေဟာ အမျိုးသားရေး အစွန်းရောက် ဝါဒ ကို ငြင်းပယ် ခဲ့ကြတယ်လို့ ဝန်ကြီးချုပ် ဘယ်နား ကက်နက်ဇ် က ပြောပါတယ်။

ပထမ အကျော့ ရွေးကောက်ပွဲ မှာ ရှုံးနိမ့် သွားခဲ့တဲ့ ဆိုရှယ်လစ် ဝါဒီ ယန် လော့ဒ် မီလန်ချုန်း ကတော့ သမ္မတသစ် မက်ခရွန်း ဟာ ပြင်သစ် နိုင်ငံရဲ့ လူမှု ထောက်ပံ့ရေး စနစ် တွေကို ပြောင်းလဲမယ့်သူလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ပြင်သစ် နိုင်ငံမှာ အသက် ၃၉ နှစ်နဲ့ သမ္မတ ဖြစ်လာတဲ့ အီမန်နျူရယ် မက်ခရွန်း ရဲ့ ရွေးကောက်ပွဲ အောင်နိုင်မှု ကို နိုင်ငံတကာ ခေါင်းဆောင် တွေက ဂုဏ်ပြု စကား အသီးသီး ပြောဆို ခဲ့ကြပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာ့ခဲလ်က ပြင်သစ် သမ္မတ သစ် မစ္စတာ မက်ခရွန်း ဆီကို တိုက်ရိုက် တယ်လီဖုန်း ဆက်သွယ် ပြီး တော့ ဂုဏ်ပြု ချီးကျူး ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံ ရွေးကောက်ပွဲမှာ မစ္စတာ မက်ခရွန်း အနိုင် ရရှိတာ ဟာ ဥရောပ သမဂ္ဂ အတွက် စည်းလုံး ညီညွှတ်မှု အင်အား ဖြစ်တယ် ဆိုတဲ့ အကြောင်း မစ္စက် မာခ်ခဲ က ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကလည်း မစ္စတာ မက်ခရွန်း ရွေး ကောက်ပွဲ အောင်မြင်မှု အတွက် ဂုဏ်ပြု စကား ပြောကြား ခဲ့ပြီး သူ့ အနေနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ စောင့်မျှော် နေကြောင်း ပြောကြား ခဲ့ပါတယ်။