သမ္မတရွေးကောက်ပွဲ နိုင်ပေမယ့် မက်ခရွန်းကို ဖိအားတွေ အသင့်စောင့်နေ

  • 8 မေ 2017
Image caption ပြင်သစ် လက်ရှိသမ္မတနဲ့ သမ္မတ ဖြစ်လာမယ့်သူ

ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အေမဲန်ဝဲလ် မက်ခရွန်း အနေနဲ့ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ် သွားမယ့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး အတွက် ကြိုးစား လုပ်ဆောင် နေရပါတယ်။

နောက်လာမယ့် တနင်္ဂနွေနေ့ ဆိုရင် မစ္စတာ မက်ခရွန်းဟာ ရာထူး နေရာ လက်ခံ ရယူဖို့ ကျမ်းသစ္စာ ကျိန်ဆို ရတော့မှာပါ။

ဒီ အချိန်မှာပဲ သူ ဦးစီးဦးဆောင် ထူထောင်ထားတဲ့ နိုင်ငံရေး ပါတီ ဖြစ်တဲ့ En Marche ကလည်း ပါတီ နာမည်ကို La Republique En Marche (လှုပ်ရှားနေတဲ့ သမ္မတ နိုင်ငံတော်) ဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။

လာမယ့် ဇွန်လ ၁၁ ရက်နဲ့ ၁၈ ရက် အကြား ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲ ဝင်ဖို့လည်း နေရာပေါင်း ၅၇၇ နေရာ အတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ် ရဦးမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း ထက်ဝက်ဟာ အမျိုးသမီးတွေ ဖြစ်မှာ ဖြစ်ပြီး၊ မစ္စတာ မက်ခရွန်း ရဲ့ မူဝါဒနဲ့ စီမံကိန်းတို့ အပေါ် ထောက်ခံတဲ့ အရပ်ဖက် အဖွဲ့အစည်းက သူတွေ အများအပြား ပါဝင် လာဖွယ် ရှိပါတယ်။