မွတ်စလင်တွေရဲ့ ကွာရှင်းပြတ်စဲနည်းကို အိန္ဒိယတရားရုံး ပြန်သုံးသပ်

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယမှာ မွတ်စလင် ဦးရေ သန်း ၁၅၀ ကျော်ရှိ

အစ္စလာမ်ဘာသာမှာ ခင်ပွန်းသည်က တွာလတ် လို့ သုံးကြိမ်ပြောပြီး ဇနီးသည်ကို ကွာရှင်းနိုင်တယ်လို့ ပြဌာန်းထားတယ်ဆိုပြီး ကျင့်သုံးနေတဲ့ အလေ့အထကို အိန္ဒိယ တရားရုံးချုပ်က ပြန်သုံးသပ်နေပါတယ်။

အဲဒီလို ကွာရှင်းတာ ခံရတယ်ဆိုတဲ့ ဇနီးသည်တွေရဲ့ တင်ပြတိုင်ကြားချက်အရ အဲဒီအလေ့အထဟာ အစ္စလာမ်ဘာသာရေးမှာ အခြေခံ ကျမကျဆိုတာကို တရားရုံးချုပ်က စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဇနီးသည်ကို အခုလိုနည်းနဲ့ မိနစ်ပိုင်းအတွင်း ကွာရှင်းနိုင်တဲ့ အလေ့အထကို ကမ္ဘာပေါ်က နိုင်ငံအနည်းငယ်မှာပဲ ကျင့်သုံးနေကြတဲ့ အထဲမှာ အိန္ဒိယက မွတ်စလင်တွေလည်း ပါဝင်ပါတယ်။

တန်းတူညီမျှရေး လှုပ်ရှားသူတွေကတော့ ဒီ အလေ့အထဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံရာ ရောက်တယ်ဆိုပြီး ကန့်ကွက်ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

မွတ်စလင်အဖွဲ့အစည်းတွေကတော့ တရားရုံးက သူတို့ ဘာသာရေးအလေ့အထအပေါ် ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။

ဒါပေမယ့် လက်ရှိ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အစိုးရကတော့ တရားရုံးက အဆုံးအဖြတ်ပေးမှာကို ထောက်ခံပါတယ်။

အခုကြားနာချက်ကို ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ် နဲ့ ဇိုရာစထီးယန်း ဘာသာဝင်တွေ ပါဝင်တဲ့ ဘာသာပေါင်းစုံ တရားသူကြီးငါးဦးအဖွဲ့က ကြားနာစစ်ဆေးနေတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ မွတ်စလင်လူဦးရေ သန်း ၁၅၀ ကျော်ရှိပြီးထိမ်းမြားလက်ထပ်ခြင်းနဲ့ ကွာရှင်းခြင်းတွေကို အစ္စလာမ် ဥပဒေအတိုင်း လုပ်ဆောင်လေ့ရှိကြပါတယ်။

အခုတော့ ကွာရှင်းပြတ်စဲခံရတဲ့ အမျိုးသမီးတွေက အဲဒီအလေ့အထဟာ အိန္ဒိယ အခြေခံဥပဒေနဲ့ ညီမညီ ဆုံးဖြတ်ပေးဖို့ တရားရုံးချုပ်ကို တင်ပြလာကြတာ ဖြစ်ပါတယ်။