ရွေးကောက်ပွဲမှာ ရုရှားနဲ့ မပတ်သက်လို့ ထရမ့်ပြော

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption FBI အကြီးအကဲ Andrew McCabe

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားပါဝင် ပတ်သက်မှု စွပ်စွဲချက်တွေဟာ သူနဲ့ မဆိုင်ကြောင်း၊ သူ့အပေါ် FBI ကလည်း စုံစမ်းတာမရှိကြောင်း အမေရိကန် ရုပ်သံနဲ့တွေ့ဆုံခန်းမှာ သမ္မတထရမ့်ကပြောသွားပါတယ်။

FBI အကြီးအကဲ ဂျိမ်းကိုမီကို ရာထူးက ဖြုတ်ပြီးတဲ့နောက် ပထမဆုံးလုပ်တဲ့ အင်ဘီစီ သတင်းဌာနနဲ့တွေ့ဆုံ မေးမြန်းရာမှာ သူ့ကိုစုံစမ်း စစ်ဆေးနေလားလို့ FBI အကြီးအကဲကို မေးရာမှာ မရှိကြောင်း ကိုမီက ကြားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်ဖြူတော်က ရှင်းလင်းချက် ထုတ်နေသလို တရားရေး ထိပ်တန်း အရာရှိတွေက တိုက်တွန်းလို့ အခုလို အရေးယူရတယ်ဆိုတဲ့ အချက်ဟာလည်း သမ္မတပြောတာနဲ့ ကွာဟနေပါတယ်။ ဘယ်နည်းနဲ့မဆို ဖြုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ထရမ့်ကပြောပါတယ်။

မစ္စတာကိုမီဟာ အမေရိကန် သမ္မတရွေးပွဲမှာ ရုရှားက ပါဝင်ခြေရှုပ် နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းနေပြီး ထရမ့်ရွေးကောက်ပွဲအဖွဲ့နဲ့ ရုရှားအစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှု ရှိသလားဆိုတာ အဓိကဖော်ထုတ်နေသူ ဖြစ်ပါတယ်။ ဒီစုံစမ်းမှုဟာ သိပ်အရေးမပါတဲ့ ဟန်ပြအဖြစ် သမ္မတထရမ့်က ပယ်ချလိုက်ပေမယ့် မစ္စတာကိုမီကို ဆက်ခံသူ ယာယီ FBI ညွှန်ကြားရေးမှူး အင်ဒရူးမက်ကေ့ဘ် ပြောတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ မစ္စတာမက်ကေ့ဘ်က ဒီအမှုအလွန် အရေးကြီးတယ်လို့ ဆိုပါတယ်။

အခုယာယီ FBI အကြီးအကဲက စုံစမ်းစစ်ဆေးမှုတွေကို အိမ်ဖြူတော်ကို နောက်ထပ် အသိပေးမှာ မဟုတ်ပဲ စုံစမ်းစစ်ဆေးမှုတွေကို နှောက်ယှက် ဖို့ ကြိုးစားရင် အထက်လွှတ်တော်ကို အသိပေးမယ်လို့ ပြောသွားပါတယ်။

ရုရှား ပါဝင် ပတ်သက်သလားဆိုတဲ့ စုံစမ်းစစ်ဆေးမှုကို အထူးစုံစမ်း ရေးမှူးကလွှဲပြောင်းစစ်ဆေးဖို့ ဒီမိုကရက် အမတ်တွေကတောင်းဆို နေပါတယ်။

မစ္စတာကိုမီကို သမ္မတကဖြုတ်ပစ်လိုက်ပေမယ့် သမ္မတရွေး ကောက်ပွဲမှာ ရုရှား ဝင်ရှုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ အခြေခံဥပဒေကို စောင့်ထိန်းတဲ့အနေနဲ့ အမှန်အတိုင်း ဖြစ်အောင် စုံစမ်းဖော်ထုတ်သွားမယ်လို့ မက်ကေ့ဘ် ကပြောသွားပါတယ်။