ကပ္ပတိန် စကက်တီးနိုး ထောင်ဒဏ် တကယ် ကျခံရတော့မယ်

  • 13 မေ 2017
Image caption ဥရောပ လူ့အခွင့်အရေး ဆိုင်ရာ ခုံရုံးထံ အယူခံ တင်ကောင်းတင်မယ်

လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အီတလီ နိုင်ငံ၊ ဂစ်လီယို ကျွန်း ကမ်းလွန်ပြင်မှာ ကော့စတာ ကွန်ကိုးဒီးယား ဆိုတဲ့ အပျော်စီး သင်္ဘော တိမ်းမှောက်ခဲ့မှု အတွက် တာဝန်ရှိလို့ ဆိုပြီး ထောင်ဒဏ် ၁၆ နှစ် ချမှတ် ခံထား ရတဲ့ သင်္ဘော ကပ္ပတိန် ဖရန်ချက်စ်ကို စကက်တီးနိုးဟာ ပြစ်ဒဏ်ကို တကယ်တမ်း ကျခံ ရတော့မှာ ဖြစ်ပြီး၊ သူ အကျဉ်းကျမယ့် ထောင်ရှိရာ ရောက်ရှိ သတင်းပို့ခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ စကက်တီးနိုး အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၆ နှစ်ကို အီတလီ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်က အတည် ပြုလိုက်တဲ့နောက် နိုင်ငံ အတွင်း အယူခံ ဆက်တက်စရာ မရှိတော့ပဲ၂ဝ၁၅ ခုနှစ် ကတည်းက ချမှတ် ထားတဲ့ ထောင်ဒဏ် စတင် သက်ဝင် လာတာ ဖြစ်ပါတယ်။

မစ္စတာ စကက်တီးနိုး ရဲ့ ရှေ့နေ ဖြစ်သူကတော့ ဒီ အမှုကို ဥရောပ လူ့အခွင့်အရေး ဆိုင်ရာ ခုံရုံးထံ အယူခံ တင်ကောင်းတင်မယ်လို့ ပြောပါတယ်။

လူပေါင်း ၄ ထောင်ကျော် လိုက်ပါလာတဲ့ ကော့စတာ ကွန်ကိုးဒီးယား ခရုဇ် သင်္ဘောဟာ ရေအောက် ကျောက်ဆောင်တွေနဲ့ တိုက်မိပြီး တိမ်းမှောက် ခဲရတာမှာ ၃၂ ယောက် သေဆုံး ခဲ့ရပါတယ်။

သင်္ဘော ကပ္ပတိန် ဖြစ်သူ စကက်တီးနိုးကို လူသေမှု အတွက် ထောင်ဒဏ် ၁ဝနှစ်၊ သင်္ဘော မှောက်စေမှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ သင်္ဘောကနေ စွန့်ခွာ ထွက်ပြေးမှုနဲ့ ထောင်ဒဏ် တစ်နှစ်၊ ဖြစ်ပျက်ခဲ့ပုံတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်း သက်ဆိုင်ရာ အာဏာပိုင်တွေကို လိမ်လည် ပြောဆိုမှုနဲ့ ထောင်ဒဏ် တစ်လ ချမှတ် ထားတာ ဖြစ်ပါတယ်။