ကမ္ဘာတလွှား အစုလိုက်အပြုံလိုက် ဆိုင်ဘာ အတိုက်ခိုက်ခံရ

  • 13 မေ 2017
Image caption ကွန်ပြူတာ ပြန်ပေး အဆွဲခံ

ကမ္ဘာတလွှား နိုင်ငံပေါင်း ၇ဝ ကျော်မှာ ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ကွန်ပြူတာ စနစ် အသီးသီး တိုက်ခိုက် ခံလိုက်ရပါတယ်။

အဲဒီလို ဆိုင်ဘာ တိုက်ခိုက် ခံလိုက်ရတဲ့ နိုင်ငံတွေထဲ ဗြိတိန်၊ ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့ ပါဝင် ပါတယ်။

ကွန်ပြူတာ တွေကို ransomware လို့ ခေါ်တဲ့ ပရိုဂရမ်နဲ့ ထိန်းချုပ်တာ ခံကြရတာ ဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်ကွန်ပြူတာကို ကိုယ် ပြန် အသုံးပြုချင်ရင် ငွေ ဘယ်၍ဘယ်မျှ ပေးရမယ် ဆိုပြီး ကွန်ပြူတာ ပြန်ပေး အဆွဲခံရတဲ့ သဘော ဖြစ်ပါတယ်။

ကွန်ပြူတာ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ အဆိုအရ အခုလို ကမ္ဘာတဝှမ်း ဆိုင်ဘာ တိုက်ခိုက်မှု အုံလိုက်ကျင်းလိုက် ဖြစ်ပေါ် လာတာဟာ တစ်ခုနဲ့တစ်ခု အဆက်အစပ် ရှိလိမ့်မယ်လို့ ဆိုပါတယ်။

ဆိုင်ဘာ တိုက်ခိုက် ခံလိုက်ရတဲ့ အဖွဲ့အစည်းတွေထဲ ဗြိတိန်က အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း NHS လည်း ပါဝင် နေတာမှာ၊ NHS အဆိုအရ ဒီ ဆိုင်ဘာ တိုက်ခိုက်မှုကြောင့် တချို့ ဆေးရုံတွေမှာ အရေးပေါ် လူနာတင်ကား စေလွှတ်တဲ့ လမ်းကြောင်းတွေ ကမောက်ကမ ဖြစ်ရတာမျိုး၊ ခွဲစိတ်ခန်း အစီအစဉ်တွေ ဖျက်လိုက် ရတာမျိုးတွေ ဖြစ်ပေါ် ခဲ့ရပါတယ်။