ကမ္ဘာတလွှား အွန်လိုင်းနှောက်ယှက်မှု တရားခံ မိဖို့ အချိန်ယူရမယ်

  • 13 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဟက်ကာတွေရဲ့ နှောက်ယှက်ပုံနည်းလမ်းကတော့ ကွန်ပြူတာ တလုံးစီကို သုံးမရ ဖြစ်သွားအောင် လုပ်ပြီး အသုံးပြုသူကို ဒေါ်လာ ၃၀ဝ နဲ့ ညီမျှတဲ့ အွန်လိုင်း ငွေကြေး ဘစ်ကွိုင် ပေးဆောင်ခိုင်းတာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ ကမ္ဘာတလွှား အွန်လိုင်းနှောက်ယှက်မှုဟာ မကြုံစဖူး အကြီးမားဆုံးဖြစ်ရပ် ဖြစ်ပြီး တရားခံပေါ်ဖို့အတွက် ရှုပ်ထွေးတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမယ်လို့ ဥရောပသမဂ္ဂ အီးယူရဲ့ ဥပဒေစိုးမိုးရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

အခိုးခံခဲ့ရတဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ ရဲ့ ဟက်ကင်း ဆော့ဖ်ဝဲကို ဟက်ကာတွေက ပြန်လည် အသုံးပြုပြီး ကမ္ဘာအနှံ့ ၉၉ နိုင်ငံက ကွန်ပြူတာတွေ နှောက်ယှက်ခံရတာတွေ မေလ ၁၂ ရက်နေ့က စတင် ဖြစ်ပွားခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်နဲ့ ကနေဒါတို့ပါဝင်တဲ့ ဂျီ ဆဲဗင်း အစည်းအဝေးကို တက်ရောက်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေကလည်း ဆိုင်ဘာတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့အတွက် နိုင်ငံတကာမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပြီး ဒါတွေက ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် ပြည်ထဲရေး ဝန်ကြီး အမ်ဘာ ရပ်ဒ်ကလည်း

'အခုလို ဆိုင်ဘာ အွန်လိုင်း နှောက်ယှက်ခံရတာနဲ့ ပတ်သက်ပြီး ပြည်တွင်းဆိုင်ဘာ လုံခြုံရေးနဲ့ရော နိုင်ငံတကာနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေပါတယ်၊

ဒါတွေကို ဘယ်လို ရပ်တန့်မလဲ၊ ဘယ်သူလုပ်သလဲ ဆိုတာနဲ့ နောင်မှာ ဘယ်လို ကာကွယ်မလဲ ဆိုတာကို အဓိက လုပ်မှာပါ' လို့

ပြောဆိုထားခဲ့ပါတယ်။

အခုလို ခံရတဲ့ နိုင်ငံ အရေအတွက် တရာနီးပါး ရှိပြီး ဥရောပက နိုင်ငံကြီးတွေ အပါအဝင် ရုရှားနဲ့ တရုတ်တို့လည်း အခံရဆုံး နိုင်ငံတွေထဲမှာ ပါတယ်လို့ သိရပါတယ်။

အခုလို ကမ္ဘာတဝှမ်း နှောက်ယှက်မှုခံရတဲ့ ဖြစ်စဉ် ၇ သောင်း ခွဲရှိတယ်လို့ အာဗက်စ် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီက ပြောပါတယ်။

နောက်ဆုံးသိရသလောက်ကတော့ ပြင်သစ်နိုင်ငံက ရေးနိုး ကားကုမ္ပဏီဟာ ဒီလိုဖြစ်ရပ်ကြောင့် ပြည်တွင်း စက်ရုံတချို့နဲ့ ဆလိုဗေးနီးယားနိုင်ငံက ကားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဟာ ဒီဆော့ဖ်ဝဲကို မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး ရေးဆွဲထားခဲ့

ဟက်ကာတွေရဲ့ နှောက်ယှက်ပုံနည်းလမ်းကတော့ ကမ္ဘာတလွှားက ထောင်ချီတဲ့ နေရာတွေမှာ ရှိတဲ့ ကွန်ပြူတာ တလုံးစီကို သုံးမရ ဖြစ်သွားအောင် လုပ်ပြီး အသုံးပြုသူကို ဒေါ်လာ ၃၀ဝ နဲ့ ညီမျှတဲ့ အွန်လိုင်း ငွေကြေး ဘစ်ကွိုင် ပေးဆောင်ခိုင်းတာ ဖြစ်ပါတယ်

အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဆီကနေ အခု တိုက်ခိုက်မှုမှာ အသုံးပြုထားတဲ့ အီတာနယ် ဘလူးဆိုတဲ့ ဆော့ဖ်ဝဲကို ရှဲဒိုးဘရုတ်ကာလို့ အမည်ပေးထားတဲ့ ဟက်ကာ အဖွဲ့က ပြီးခဲ့တဲ့ လမှာ ခိုးယူ ဖြန့်ချီထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ရှဲဒိုးဘရုတ်ကာ အဖွဲ့ဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ရွေးကောက်ပွဲဝင် မဲဆွယ်မှုတွေကို ထောက်ခံသူတွေ ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် မစ္စတာ ထရမ့်က သမ္မတ ဖြစ်အပြီးမှာ သူ့ရဲ့ ကတိတွေထဲက ပြည်ပမှာ စစ်ရေး အရ မစွက်ဖက်ဘူးဆိုတဲ့ ကတိနဲ့ စစ်ရေးနဲ့ စီပွားရေးဆိုင်ရာ သြဇာရှိသူတွေကို အစိုးရအဖွဲ့အတွင်း မထည့်ပါဘူးဆိုတဲ့ ကတိ စတဲ့ ကတိပေးမှုတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် အခုလို အစိုးရထောက်လှမ်းရေးရဲ့ ဟက်ကင်းဆော့ဖ်ဝဲ အီတာနယ် ဘလူးကို ဖွင့်ချ လိုက်ရတာလို့ သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဧပြီလ အစောပိုင်းက ရေးသားထားခဲ့ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ကတော့ ဒီဆော့ဖ်ဝဲကို မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးအခြေအနေမှာတော့ ဒီအားနည်းချက်ကို ကာကွယ်နိုင်မယ့် လုံခြုံရေး မွမ်းမံမှု တခုကို ဝင်းဒိုးစနစ်သုံးတဲ့ ကွန်ပြူတာတွေမှာ ထည့်သွင်းနိုင်ဖို့အတွက် မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ