ကမ္ဘာတလွှား ဆိုင်ဘာ တိုက်ခိုက်ခံခဲ့ရလို့ ပြန်ထိန်းချုပ် နိုင်အောင် ကြိုးစားနေ

  • 13 မေ 2017
Image caption ပြန် အသုံး ပြုချင်တယ် ဆိုရင် ငွေပေးရမယ်

ကမ္ဘာတလွှားမှာ ပြီးခဲ့တဲ့ သောကြာနေ့က ကွန်ပြူတာ စံနစ်တွေ ထွင်းဖောက် တိုက်ခိုက် ခံခဲ့ရတာ ကို ပြန်လည် ထိန်းချုပ် နိုင်ဖို့ ကွန်ပြူတာ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ နေရာ အများစုမှာ ဆက်လက် ကြိုးစား နေကြရဆဲ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁ဝဝ လောက်က ကွန်ပြူတာ စနစ် တစ်သိန်းနှစ်သောင်းကျော် ထိအောင် ဆိုင်ဘာ တိုက်ခိုက် ခံခဲ့ရတာမှာ ကိုယ့်ကွန်ပြူတာကို ကိုယ် အသုံးပြုလို့ မရအောင် ထိန်းချုပ် ခံခဲ့ ကြရပါတယ်။

တကယ်လို့ ပြန် အသုံး ပြုချင်တယ် ဆိုရင် ငွေပေးရမယ် ဆိုပြီး ကွန်ပြူတာ စနစ်တွေကို ပြန်ပေး ဆွဲတဲ့ ပုံစံ ဖြစ်ပါတယ်။

နိုင်ငံ အသီးသီးက အစိုးရ ဝန်ကြီး ဌာနအဆင့် အာဏာပိုင် အဖွဲ့တွေက အစ၊ ကား စက်ရုံတွေ၊ ဘဏ်တွေ၊ ဆေးရုံတွေ စသဖြင့် နယ်ပယ် အသီးသီးက ကွန်ပြူတာ စနစ် တွေဟာ ဒီ ဆိုင်ဘာ တိုက်ခိုက်မှုကြောင့် အတော်လေး ကမောက်ကမ ဖြစ်သွားပြီး လုပ်ငန်းခွင် နှောင့်နှေး ကြန့်ကြာမှု တွေ ဖြစ်လာ ခဲ့ပါတယ်။

ဗြိတိန် နိုင်ငံမှာလည်း NHS လို့ ခေါ်တဲ့ အများပြည်သူ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းက ကွန်ပြူတာ စနစ် တိုက်ခိုက်ခံ ခဲ့ရလို့ သောကြာ နေ့တုန်းက အတော်လေး ဒုက္ခ များခဲ့ရပေမယ့် အခုတော့ ပုံမှန် အခြေအနေ ပြန်ရောက် လာပြီလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကျူးလွန်သူတွေကို မရရအောင် ဖော်ထုတ်မယ် ဆိုပြီး ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ရဲ့ ရဲတပ်ဖွဲ့ ယူရိုပိုလ်က ပြောထားပါတယ်။