ဘီလီယံ ၁၀ဝ ကျော်တန် ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းကို တရုတ်သမ္မတ ရှင်းပြ

  • 14 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်နေပြီး ကမ္ဘာ့ ကုန်သွယ်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်

အာရှ၊ အာဖရိကနဲ့ ဥရောပတို့ကို ဆက်သွယ်ထားပြီး ယခင် ပိုးလမ်းမဟောင်းကို ပြန်လည် ဆန်းသစ်ထားတဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းကို တရုတ်သမ္မတ ရှီဂျင်ပင်းက ရှင်းပြလိုက်ပါတယ်။

ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်နေပြီး ကမ္ဘာ့ ကုန်သွယ်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ တရာကျော် အကုန်ခံပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီရန်ပုံငွေထဲက ၉ ဘီလီယံကိုတော့ စီမံကိန်းမှာ ပါ၀င်နေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အကူအညီပေးဖို့ လျာထားတယ်လို့ သိရပါတယ်။

အခုလို အစည်းအဝေးကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေထဲမှာ ဥရောပဘက်က စပိန်နဲ့ အီတလီတို့က ဝန်ကြီးချုပ်တွေသာမက ရုရှားသမ္မတ ပူတင်လည်း တက်ရောက်သူ ထိပ်တန်းခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အမေရိက သမ္မတ သစ် ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က အဓိက နိုင်ငံတကာ ကုန်သွယ်ရေး စာချုပ်တွေက နုတ်ထွက်ဖို့ လမ်းရှာနေပေမယ့် တရုတ်နိုင်ငံကတော့ ယခင် ကုန်းနဲ့ ရေကြောင်း လမ်းကြောင်းဟောင်းတွေကို ဆိပ်ကမ်းတွေ၊ ကားလမ်းတွေ၊ ရထားလမ်းတွေနဲ့ ရင်းနှီးမြုပ်နှံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်း အစည်းအဝေးကို တက်ရောက်နေတဲ့ တူရကီသမ္မတ အာဒိုဝန်ကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေးမှာ ပူးပေါင်း လုပ်ဆောင်လိုကြောင်း တရုတ်သမ္မတ ရှီဂျင်ပင်းက ကမ်းလှမ်းထားပါတယ်။

ဒါဟာ တရုတ်ရဲ့ နည်းဗျူဟာကျတဲ့ ပိုင်ဆိုင်မှုတွေ တိုးဖို့နဲ့ ပထဝီနိုင်ငံရေး လွှမ်းမိုးဖို့ ကြိုးစားမှု ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဂျပန်နဲ့ အိန္ဒိယတို့က ထိပ်တန်းခေါင်းဆောင်တွေ ဒီအစည်းအဝေးကို မတက်ရောက်ခဲ့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပြီး ဘေဂျင်းကို ရောက်နေတဲ့အချိန်အတွင်းမှာ ဆွစ်ဇာလန်သမ္မတ အပါအဝင် သီရိလင်္ကာ၊ ပိုလန်၊ မွန်ဂိုးလီးယားနိုင်ငံတို့က ဝန်ကြီးချုပ်တွေနဲ့လည်း သူက သီးခြား တွေ့ဆုံခဲ့ပါတယ်။ တောင်အာရှ နိုင်ငံတွေ၊ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ တရုတ် ကြား ဆက်သွယ်မယ့် ရထားလမ်း ကားလမ်းတွေ မြန်မာ နိုင်ငံထဲကနေ ဖြတ်သွားဖို့ ရည်ရွယ်ထားသလို၊ တရုတ်ရဲ့ ပြည်ပ နိုင်ငံတွေက ဝယ်ယူထားတဲ့ ရေနံတွေကို တင်ပို့မယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ရေနံ ပိုက်လိုင်း တို့လို လုပ်ငန်းတွေလည်း မြန်မာ နိုင်ငံထဲ ရှိနေပါတယ်။

မြန်မာနိုင်ငံပါ၀င်မယ့် လမ်းဖောက်လုပ်မှုတွေကတော့ ယူနန်-မန္တလေး-ဒက္ကာ-ကလကတ္တားလမ်းနဲ့ ယူနန်-ရန်ကုန်-ထိုင်း ဆက်သွယ်မယ့် လမ်းမကြီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်း ရှိနေတာမှာ တခြား လုပ်ငန်းတွေမှာ အခွင့်အရေး ပိုမို ရရှိမယ်ဆိုရင် ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ အသည်းအသန် ကန့်ကွက်တာ ကြုံနေရတဲ့ ဧရာဝတီ မြစ်ဆုံ ရေတာတမံ တည်ဆောက်ရေး စီမံကိန်းကို တရုတ်က နောက်ဆုတ် သွားနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ