Ivory Coastမှာ ပုန်ကန်တဲ့ စစ်သားတွေ ထိန်းချုပ်ထားတဲ့ မြို့မှာ စစ်တပ်က စစ်ဆင်ရေး စလုပ်

  • 15 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption တပ်တွင်းပုန်ကန်တဲ့ စစ်သားတွေ က လက်နက်မချဘူးလို့ ပြောနေ

Ivory Coast နိုင်ငံမှာ တပ်တွင်း ပုန်ကန်တဲ့ စစ်သားတွေ ၃ရက်ကြာ ထိန်းချုပ်ထားတဲ့ ဒုတိယမြို့တော် ဘွာ့ခေး မြို့မှာ တရားဥပဒေ ပြန်လည် စိုးမိုးရေးအတွက် စစ်ဆင်လှုပ်ရှားမှုတခုကို စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ Ivory Coast စစ်ဦးစီးချုပ်က ပြောပါတယ်။

အဲဒီ တပ်တွင်းပုန်ကန်မှုကို လူထုကန့်ကွက်မှုတွေ တဖြည်းဖြည်း တိုးပွားလာနေပြီး ဒီကနေ့ အစောပိုင်းမှု ချီတက် ဆန္ဒပြမှုတွေ အထိ ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြသူတွေကို အဲဒီစစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၆ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီ စစ်သားတွေဟာ ဆုကြေးငွေ မရတာနဲ့ ပတ်သက်လို့ ပုန်ကန် ထကြွခဲ့ကြတာဖြစ်ပြီး ဘွာ့ခေးမြို့ကို ပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့ပြီး စျေးဆိုင်တွေလည်း ပိတ်ပစ်ခဲ့ရပါတယ်။

စစ်သားတွေက သူတို့ လက်နက်ချ အညံ့ခံမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

သူတို့ဟာ နိုင်ငံ မတည်ငြိမ်အောင် လုပ်ဖို့ ပုန်ကန်တာ မဟုတ်သလို အာဏာသိမ်းဖို့လည်း မဟုတ်ကြောင်း၊ သူတို့ရဖို့ ရှိတဲ့ ဆုကြေးငွေ ၁၂သန်းထဲက ၅သန်းပဲ ရသေးတာမို့ ကျန်တဲ့ ၇သန်း ရဖို့ အခုလို တောင်းဆိုနေတာ ဖြစ်ကြောင်း ပုန်ကန်ထကြွတဲ့ စစ်သားတွေထဲက တဦး ဖြစ်တဲ့ တပ်ကြပ်ကြီး ယာကူဘာက ပြောပါတယ်။