ဆိုက်ဘာ တိုက်ခိုက်မှု အာရှကိုလည်း ထိ

  • 15 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမနီအရှေ့ပိုင်း ရထားဘူတာရုံက ဒီကွန်ပျူတာလည်း တိုက်ခိုက်ခံရ

ကမ္ဘာတစ်ဝန်းမှာ ကွန်ပျူတာကွန်ရက်ကနေ တိုက်ခိုက်မှုတစ်ခုကြောင့် ထိခိုက်တဲ့အထဲမှာ အာရှတိုက်အတွင်းက ကွန်ပျူတာတွေလည်း ပါဝင်ပါတယ်။

အာရှတိုက်အတွင်း ဆိုက်ဘာ တိုက်ခိုက်ခံရတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုးရီးယား၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်တို့လည်း ပါပါတယ်။

ဂျပန်မှာဆိုရင် နစ်ဆန်း နဲ့ ဟီတာချီကုမ္ပဏီက ကွန်ပျူတာအချို့ တိုက်ခိုက်ခံရပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် အဖွဲ့အစည်းအများပြားရဲ့ ကွန်ပျူတာတွေကို ဒီကွန်ပျူတာဗိုင်းရပ်စ်က တိုက်ခိုက်ခဲ့ပါတယ်။

WannaCry လို့ နာမည်ပေးထားတဲ့ ramsomware ဗိုင်းရပ်စ်ဟာ ကွန်ပျူတာ ကွန်ရက်တွေကို ဝင်ပြီး ကွန်ပျူတာကို အသုံးပြုလို့မရအောင် လုပ်ပါတယ်။ ပြီးတဲ့အခါ ကွန်ပျူတာ မျက်နှာပြင်မှာ မက်ဆေ့ချ် စာသားအနေနဲ့ ပို့လွှတ်ပါတယ်။ အဲဒါကတော့ ငွေပေးမှ ကွန်ပျူတာကို ပြန်သုံးခွင့်ပေးမယ်ဆိုပြီး ကွန်ရက်ပေါ်ကနေ ငွေညှစ်ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

ဒေါ်လာ ၃၀၀ မပေးရင် ကွန်ပျူတာထဲက ဖိုင်တွေကို ဖျက်ပစ်မယ်၊ နောက်ပြီး သုံးရက်အတွင်း မပေးရင် အဲဒီကာလနောက်ပိုင်း နှစ်ဆ ပေးရမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။

Image caption စဖြစ်ဖြစ်ချင်း နာရီပိုင်းအတွင်းက တိုက်ခိုက်ခံရတဲ့ နိုင်ငံများ

တရုတ်နိုင်ငံက တက္ကသိုလ်ကျောင်းသားတချို့ရဲ့ ကွန်ပျူတာတွေမှာလည်း တိုက်ခိုက်ခံရပါတယ်။ အဲဒီလို တိုက်ခိုက်ခံရတာကတော့ အသုံးပြုတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေက ခေတ်မမီတော့တဲ့အတွက် ဝင်ရောက်တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုဆိုရင် နိုင်ငံပေါင်း ၁၅၀ မှာ ဒီဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံနေရပြီး တနင်္လာနေ့မနက်ထိ ကွန်ပျူတာ အရေအတွက်အားဖြင့် ၂ သိန်းကျော် တိုက်ခိုက်ခံရပါတယ်။

အာရှတိုက် တိုက်ခိုက်ခံရမှုက အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင်တော့ အရေအတွက် နည်းပါတယ်။

အစိုးရတွေအနေနဲ့ အခု တိုက်ခိုက်မှုကို သတိပေးခေါင်းလောင်သံအဖြစ် ယူဆပြီး အရေးယူဆောင်ရွက်ကြဖို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ