အကျဉ်းသားတွေကို သတ်တာ ဆီးရီးယား ဖုံးကွယ်ဖို့ မီးသင်္ဂြိုဟ်ရုံ ဆောက်တယ်လို့ ဆို

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် DIGITAL gLOBE
Image caption ဆီးရီးယား စစ်အကျဉ်းထောင်ထဲက မီးသင်္ဂြိုဟ်ရုံကို ဆက်သွယ်ရေး ဂြိုဟ်တု ဓါတ်ပုံတွေနဲ့ အမေရိကန် သက်သေပြ

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့နားက စစ်အကျဉ်းထောင်တခုမှာ အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တာကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဆီးရီးယား အစိုးရက အဲဒီ အကျဉ်းထောင်ထဲမှာ မီးသင်္ဂြိုဟ်ရုံတခု ဆောက်ခဲ့တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲပြောကြားလိုက်ပါတယ်။

ဆက်ဒ်နာယာ အကျဉ်းထောင်က မီးသင်္ဂြိုဟ်ရုံ ဆိုတဲ့ အဆောက်အအုံကို ဆက်သွယ်ရေး ဂြိုဟ်တုကနေ ရိုက်ထားတဲ့ပုံတွေကို အမေရိကန် ကာကွယ်ရေး ဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အကျဉ်းထောင်မှာ အကျဉ်းသား ထောင်ပေါင်းများစွာ ညှင်းပန်း နှိပ်စက်ခံခဲ့ရပြီး ကြိုးပေး ကွပ်မျက်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောနေတာပါ။

ဆက်ဒ်နာယာ အကျဉ်းထောင်မှာ တနေ့ကို အကျဉ်းသား ၅၀လောက်အထိ အသတ်ခံနေရတယ်လို့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန်တဦး ဖြစ်တဲ့ Stuart Jones က ပြောပါတယ်။

ဒီရက်စက် ကြမ်းကြုတ်မှု လုပ်ရပ်တွေကို ရုရှားနဲ့ အီရန်တို့ရဲ့ အကန့်အသတ်မရှိ ထောက်ခံ အားပေးမှုတွေနဲ့ လုပ်ခဲ့တာလို့ သူက ပြောပါတယ်။