လူမှောင်ခို တွေကို ဖြိုခွဲဖို့ မိုဘိုင်း အက်ပ် အကူအညီ တရုတ် ရယူ

  • 18 မေ 2017
Image caption ကလေးပျောက်မှု ဖြစ်နေပြီ ဆိုတဲ့ သတိပေးမှု ဝင်လာမယ်။

တရုတ် နိုင်ငံမှာ ကလေးပျောက်တွေ ရှာဖို့ဆိုပြီး တီထွင်ထားတဲ့ ရီယူနီယံ ဆိုတဲ့ အပလီကေးရှင်း ကြောင့် အကူအညီ အလွန်ရနေပြီး စသုံးတဲ့ တစ်နှစ် အတွင်းမှာကို အမှုပေါင်း တစ်ထောင့်သုံးရာ နီးပါး ဖြေရှင်း နိုင်ခဲ့ပါတယ်။

ကွဲကွာနေတဲ့ မိသားစုတွေကို ပြန်လည် ဆုံစည်းစေတယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရီယူနီယံ ဆိုပြီး နာမည်ပေးလို့ ပြည်သူ့ လုံခြုံရေး ဌာနကနေ မိုဘိုင်း အပလီကေးရှင်း တီထွင် အသုံးပြု နေတာ ဖြစ်ပါတယ်။

ကလေးသူငယ်တွေကို ပစ်မှတ်ထားတဲ့ လူကုန်ကူးမှု ပြဿနာကို တိုက်ဖျက်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။

ကလေးပျောက်မှု ဖြစ်ပြီ ဆိုတာ သိသိချင်း ကလေးကို နောက်ဆုံး တွေ့ရတဲ့ နေရာနဲ့ ပတ်ချာလည် ၆၂ မိုင် အတွင်းမှာ ရီယူနီယံ အပလီကေးရှင်း ထည့်ထားတဲ့ မိုဘိုင်းဖုန်းတိုင်း ဆီကို ကလေးပျောက်မှု ဖြစ်နေပြီ ဆိုတဲ့ အာဏာပိုင်တွေရဲ့ သတိပေးမှု ဝင်လာမှာ ဖြစ်ပါတယ်။

အဲဒီ သတိပေးမှုနဲ့ တွဲပြီး ပျောက်ဆုံးသွားတဲ့ ကလေးရဲ့ ဓာတ်ပုံ နဲ့ အတူ၊ ဘယ်လို အဝတ်စား မျိုး ဝတ်ထားတယ်၊ အင်္ကျီက ဘာအရောင်၊ ဖိနပ်က ဘာအရောင် စသဖြင့် ပုံဖော်ထားတဲ့ အချက်အလက်တွေပါ ပါဝင်မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်ဆာ့ဒ်ဝပ်သ်က ပြောပါတယ်။

အချိန် ကြာလာတာနဲ့ အမျှ ဒီ အချက်အလက်တွေဟာ ကနဦး ၆၂ မိုင် ပတ်ချာလည် ထက် ပိုပြီး ကျယ်ပြန့်တဲ့ နေရာတွေက မိုဘိုင်း လက်ကိုင်ဖုန်းတွေဆီ ဝင်လာ ဦးမှာလည်း ဖြစ်ပါတယ်။

ဒီ အပလီကေးရှင်း စသုံး လာတဲ့ ပထမဆုံး နှစ်ထဲမှာတင် အကြောင်းအရင်း မသိ ရပဲ ပျောက်ဆုံး နေတဲ့ ကလေးတွေ အမှုပေါင်း ၁၃ဝဝ နီးပါးကို ဖော်နိုင်ခဲ့တယ် ဆိုရာမှာ လူမှောင်ခိုတွေ လက်ထဲ ရောက်သွားခဲ့တဲ့ အမှုတွေကို ဖြေရှင်း နိုင်ခဲ့သလို၊ ရေနစ်လို့ ဒါမှ လူသတ်ခံရလို့ သေဆုံးခဲ့ပြီ ဆိုပြီး အတည် ပြု နိုင်ခဲ့တဲ့ အမှုတွေလည်း ရှိပါတယ်။

အမှုပေါင်း ၇၅ဝ စွန်းစွန်းကို ကြည့်ရင်တော့ အိမ်ကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ်တွေ လို့လည်း တရုတ် အစိုးရ သတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ကလေးသူငယ်တွေကို ခိုးယူပြီး၊ ဒါမှ မဟုတ် သွေးဆောင် ဖျားယောင်း ခေါ်ယူ သွားကြပြီး ရောင်းစားပစ်တဲ့ လူမှောင်ခိုတွေရဲ့ အန္တရာယ်ကို ကိုင်တွယ်ဖို့ နှစ်ရှည်လများ ကြိုးစား နေရပါတယ်။

ဒီလို ကလေးမှောင်ခို တွေ ရှိလာတာကလည်း တစ်အိမ်ထောင် ကလေးတစ်ယောက်လို လူဦးရေ ထိန်းချုပ်နိုင်ဖို့ ပြဌာန်းခဲ့တဲ့ အစိုးရ မူဝါဒ ပေါ်လစီရဲ့ နောက်ဆက်တွဲ ပြဿနာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်ဆာ့ဒ်ဝပ်သ် က ဆိုပါတယ်။

တရုတ်နိုင်ငံမှာ မိသားစုထဲ သားယောက်ျားလေးတွေကို ပိုပြီး လိုချင်တဲ့ သဘောထားမျိုး ရှိတာကြောင့် ယောက်ျားလေး လူမမည် အရွယ်လေးတွေဟာ လူမှောင်ခိုတွေရဲ့ ပစ်မှတ်ထားတာ ခံနေ ရပါတယ်။

သမီး မိန်းကလေး ဦးရေ အချိုးအစား နည်းနေတဲ့ နေရာတွေမှာ ဆိုရင်တော့ ချမ်းသာတဲ့ မိသားစုက သူတို့သားတွေကို ခေါင်းခေါက် ရွေးနိုင်တဲ့ သူတို့သမီး ရှိလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမီး မိန်းကလေး လိုချင်ကြသူတွေ အတွက် လူမှောင်ခိုတွေက လူမမည် မိန်းကလေးတွေကို ရှာဖွေ ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တစ်နှစ်တစ်နှစ်ကို ကလေးတွေ သောင်းနဲ့ချီပြီး အခိုးခံနေရတဲ့ တရုတ်နိုင်ငံမှာ ဒီ ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို ကြိုးစား ကြတဲ့ နည်းတွေထဲ အခုလို မိုဘိုင်း အပလီကေးရှင်း အသုံးပြု တာကလည်း နည်းလမ်း တစ်ခု အနေနဲ့ ပါဝင် လာတာ ဖြစ်ပါတယ်။