နယူးယောက် မြို့လယ် တိုင်းမ်စကွဲ ရင်ပြင် မှာ ကားနဲ့ လူအများကို ၀င်တိုက်

  • 19 မေ 2017
Image caption လမ်းဘေးတလျှောက် ဝင်တိုက်

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့လယ်က တိုင်းမ်စကွဲ ရင်ပြင်မှာ ကားမောင်းသမား တယောက်က ကားနဲ့ ဘေးတလျှောက်ကလူတွေကို သိမ်းကျုံး ၀င်တိုက်ခဲ့တဲ့ အတွက် လူတယောက် သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

မျက်မြင်တွေ အပြောအရ အဲဒီလူဟာ ကားကို အရှိန်မြှင့်မောင်းပြီး လမ်းဘေး ပလက်ဖောင်းပေါ်တက်ကာ တဟုန်ထိုး ၀င်တိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်စပ်တယ်လို့ မယူဆကြောင်း ရဲက ပြောပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ကားမောင်းသမားကို ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

ကားမောင်းသမားဟာ အသက် ၂၆ နှစ်ရှိ Richard Rojas ဆိုသူ ဖြစ်ပြီး အခုတော့ သူ့ကို အရက်နဲ့ မူးယစ်ဆေး သုံးစွဲထားခြင်း ရှိမရှိ ရဲက စစ်ဆေးနေပါတယ်။