အိန္ဒိယ ပါကစ္စတန် သူလျှို ကိစ္စ ခုံရုံးရောက်

  • 18 မေ 2017
ဓာတ်ပုံ မူပိုင် AAMIR QURESHI
Image caption သေဒဏ်ကျနေတဲ့ အိန္ဒိယ နိုင်ငံသား ကိုလ်ဘူရှန် ယာဒက်ဗ်

အိန္ဒိယ အမျိုးသား တယောက်ကို သူလျှိုမှုနဲ့ သေဒဏ်ပေးထားတာကို ဆိုင်းငံ့ဖို့ ICJ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ ပါကစ္စတန် အစိုးရကို အမိန့်ပေးလိုက်ပါတယ်။

ဒါဟာ နောက်ဆုံးအမိန့်မချခင်မှာ ခေတ္တ ဆိုင်းငံ့ထားတာလို့လည်း သည်ဟိဂ်မြို့က ICJ ခုံရုံးက ပြောပါတယ်။

သေဒဏ်ကျနေတဲ့ အိန္ဒိယ နိုင်ငံသား ကိုလ်ဘူရှန် ယာဒက်ဗ် ဆီကို သူ့နိုင်ငံက ကောင်စစ်ဝန်ကို သွားခွင့်မပေးတဲ့အတွက် ဒါဟာ သံတမန် လုပ်ထုံးတွေကို ချိုးဖောက်တာလို့ အိန္ဒိယ ဘက်က စောဒက တက်ထားပါတယ်။

ဒီအတွက် အမှုက ICJ ကို ရောက်လာတာပါ။

ဒီလူကို ပါကစ္စတန်က ဘလူချီစတန် ပြည်နယ်မှာ မနှစ် မတ်လက ဖမ်းမိခဲ့ပြီး အရင်လက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာပါ။

သူဟာ သူလျှို မဟုတ်ဘူးလို့ပဲ အိန္ဒိယ က ငြင်းဆိုထားပါတယ်။ ပါကစ္စတန် ဘက်ကတော့ ဒီလူကို ပြန်ပေးဆွဲ ဖမ်းဆီးသွားတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

ဒီအမှုအတွက် နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ် စီရင်ပိုင်ခွင့်မရှိဘူးလို့ ပါကစ္စတန် က စောဒက တက်ခဲ့ပေမယ့် ICJ က ဒါကို ပယ်ချခဲ့ပြီး ၂ ဘက်စလုံးက လျှောက်လှဲချက်ကို ကြားနာမယ်လို့ ဆိုပါတယ်။

တရားသူကြီး က ဆုံးဖြတ်ချက်ကို ဖတ်ပြရာမှာတော့ ဒီအမှုကို စစ်ဆေးနေတုန်းမှာ သူ့ကို မသတ်ဖို့ ပါကစ္စတန် ဘက်က တာဝန်ယူရမယ်လို့ ICJ တရားသူကြီး က ဆိုပါတယ်။

အိန္ဒိယ အနေနဲ့ ဒီလူကို သူ့ကောင်စစ်ဝန်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းခံနိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်က ပါကစ္စတန်ကို လုံးဝ ချိုးပစ်လိုက်တာလို့ အိန္ဒိယ အစိုးရ ရှေ့နေချုပ် က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ တရားသူကြီးတွေက ပါကစ္စတန်ဘက်မလိုက်ဘဲ တညီတည်း ဆုံးဖြတ်ခဲ့ကြ ပါတယ်။ အဲဒီနိုင်ငံမှာ စစ်ခုံရုံးနဲ့ ဆုံးဖြတ်တာမို့ စစ်မှန်တဲ့ တရားခွင် မရှိမှန်းလည်း ကမ္ဘာက သိပါတယ်လို့ အိန္ဒိယ အစိုးရ ရှေ့နေချုပ်က ဆိုပါတယ်။

အိန္ဒိယ ရေတပ် အရာရှိဟောင်း

မွမ်ဘိုင်မြို့ ဇာတိ မစ္စတာ ယာဒက်ဗ်ဟာ အိန္ဒိယ ရေတပ်က အရာရှိဟောင်း ဖြစ်ပြီး အီရန်နဲ့ ဆက်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေး သမားတယောက် ဖြစ်ပါတယ်။

သူ့ကို အိန္ဒိယ ထောက်ခံတယ် ဆိုတဲ့ ခွဲထွက်ရေး သူပုန်တွေ ရှိတဲ့ ဒေသမှာ မနှစ်က ပါကစ္စတန် က ဖမ်းဆီးခဲ့တာပါ။ အိန္ဒိယ ကတော့ သူ အီရန်မှာ ရောက်နေတုန်း ပါကစ္စတန် က ပြန်ပေးဆွဲသွားတာလို့ ဆိုပါတယ် ။

၂ နိုင်ငံ တင်းမာမှုတွေ ရှိနေတဲ့ကြားက အိန္ဒိယနဲ့ ပါကစ္စတန်တို့ အပြန်အလှန် သူလျှိုတွေ လွှတ်တယ်ဆိုတယ်ဆိုပြီး စွပ်စွဲလေ့ ရှိပါတယ်။

မနှစ် နိုဝင်ဘာလက ဒေလီမှာ ရှိတဲ့ ပါကစ္စတန် သံရုံးက အရာရှိ ၆ ယောက်ကို အိန္ဒိယက သူလျှိုအဖြစ် စွပ်စွဲခဲ့ပြီးနောက် နိုင်ငံကို ပြန်ခေါ်ခဲ့ပါတယ်။

နောက် အစ္စလာမ်မာဘတ်သံရုံးမှာ လုပ်နေတဲ့ အိန္ဒိယ သူလျှို ၈ ယောက် ဆိုပြီး ဓာတ်ပုံတွေနဲ့ ပါကစ္စတန် ဘက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သူလျှိုတွေကို သတ်ဖြတ်တာတော့ ရှားပါတယ်။

၁၉၉၉ တုန်းကပဲ သူလျှိုတယောက်ကို သေဒဏ်ပေးပြီး ၁ဝ နှစ်ကြာမှ ပါကစ္စတန် က ကွပ်မျက်ခဲ့ပါတယ်။

နောက်တယောက်ကတော့ သေဒဏ်ကျပြီး အနှစ် ၂ဝ ကျော် ထောင်ထဲ နေပြီးမှ သေဆုံးခဲ့ပါတယ်။

အခုလည်း အိန္ဒိယ သူလျှို အဖြစ် သေဒဏ်ပေးခံရတဲ့ ယာဒက်ဗ်ကို ခုခံ လျှောက်လဲခွင့်တွေ ပေးမယ်လို့ ပါကစ္စတန် က ဆိုပါတယ်။

နိုင်ငံအစိုးရတွေကြား အငြင်းပွားတာတွေ ရှင်းဖို့ ICJ ကို ဒုတိယ ကမ္ဘာစစ်ပြီးစက တည်ထောင်ခဲ့တာပါ။

ပါကစ္စတန် ရေတပ် လေယာဉ် တစင်းကို အိန္ဒိယက ၁၉၉၉ က ပစ်ချလို့ ၁၆ ယောက် သေတုန်းက ICJ မှာ ရှင်းဖို့ ရောက်လာခဲ့ပေမယ့် ရှင်းဖို့ မဖြစ်နိုင်လို့ ဆိုပြီး အမှုကို ရုံးတော်က ပိတ်သိမ်းခဲ့ဖူးပါတယ်။