ဝီကီလိခ်ထူထောင်သူကို စွဲထားတဲ့ အဓမ္မပြုကျင့်မှု ရုပ်သိမ်း

  • 19 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန်နိုင်ငံက ရဲတွေကတော့ မစ္စတာ အဆန့်ချ်ဟာ ၂၀၁၂ ခုနှစ်တုန်းက တရားရုံးက ဆင့်ခေါ်မှုတခုကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အက်ကွေဒေါ သံရုံးက ထွက်တာနဲ့ ဖမ်းဆီးမယ်လို့ ပြော

ကမ္ဘာတလွှားက နိုင်ငံရေးလျှို့ဝှက်ချက်တွေကို ဖွင့်ချနေတဲ့ ဝီကီလိခ် ဝက်ဘ်ဆိုဒ် တည်ထောင်သူ ဂျူလီယန် အဆန့်ဂျ်အပေါ် အမျိုးသမီး သုံးယောက်ကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွဲချက်ကို အမှုစစ်ဆေးမှု ရုပ်သိမ်းလိုက်ကြောင်း ဆွီဒင်အစိုးရက ကြေညာခဲ့ပါတယ်။

ဆွီဒင်အစိုးရဟာ ဒီအခုလို စွပ်စွဲချက်နဲ့ မစ္စတာ အဆန့်ချ်ကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က စွဲချက်တင်ဖို့ တာဝန်ယူထားတဲ့ မစ္စ မာရီယန်းနူးက

'ကျမအနေနဲ့ ဂျူလီယန် အဆန့်ဂျ်ကို ဆွီဒင်နိုင်ငံကို ဖမ်းပို့ဖို့ ဥရောပတလွှား ဝရမ်းထုတ်ထားတာရော၊ အဓမ္မပြုကျင့်မှုနဲ့ စစ်ဆေးတာကိုပါ ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်' လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၀မှာ ဒီအမှုရဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင် မစ္စတာ အဆန့်ဂျ် ဆွီဒင်ကို လာခဲ့ရင်တော့ ဒီအမှုကို ပြန်လည် စစ်ဆေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာ အဆန့်ဂျ်ဟာ ဆွီဒင်အစိုးရက သူ့ကို အမေရိကန်နိုင်ငံပို့မှာ စိုးရိမ်တဲ့အတွက် ၂၀၁၂ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ အက်ကွေဒေါသံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီး နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

သူ့ကို စွပ်စွဲတဲ့ အဓမ္မမှုကိုလည်း ငြင်းဆိုထားပြီး နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောဆိုထားပါတယ်။

ဗြိတိန်နိုင်ငံက ရဲတွေကတော့ မစ္စတာ အဆန့်ဂျ်ဟာ ၂၀၁၂ ခုနှစ်တုန်းက တရားရုံးက ဆင့်ခေါ်မှုတခုကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အက်ကွေဒေါ သံရုံးက ထွက်တာနဲ့ ဖမ်းဆီးမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန် အာဏာပိုင်တွေဘက်ကလည်း မစ္စတာ အဆန့်ဂျ်ကို အမေရိကန်စစ်ရေးနဲ့ သံတမန်ရေး စာရွက်စာတမ်းတွေကို ပေါက်ကြားစေမှုနဲ့ စွဲချက်တင်ဖို့ စဉ်းစားနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ