ဂျပန် ဧကရာဇ် နန်းစွန့်မယ့် အစီအစဉ် အစိုးရ သဘောတူ

  • 19 မေ 2017
Image caption ထီးနန်းကို တရားဝင် စွန့်လွှတ်ဖို့ ဥပဒေကြောင်း အရ ပြင်ဆင်

ဂျပန် ဧကရာဇ် အာကီဟီတို ထီးနန်း စွန့်မယ့် အစီအစဉ်ကို ဂျပန် အစိုးရက သဘောတူ ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဘုရင် အာကီဟီတိုကို ထီးနန်းကနေ ဆင်းခွင့် ပြုတဲ့ ဥပဒေကြမ်းကို အစိုးရက ရေးဆွဲပြီး၊ ပါလီမန်ကနေ အတည်ပြုနိုင်အောင် ပေးပို့လိုက်ပြီလို့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ယော်ရှီဟီးဒေး ဆုကက အတည်ပြု ပါတယ်။

နှစ်ပေါင်း ၂ဝဝ အတွင်း ပထမဆုံး အကြိမ် ဂျပန် ဘုရင် တစ်ပါးက နန်းစွန့်မယ် ဆိုပြီး စီစဉ် နေတာ ဖြစ်ပါတယ်။

သက်တော် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဂျပန် ဧကရာဇ် အာကီဟီတိုဟာ ကျန်းမာရေး ချို့ယွင်း နေတဲ့ အတွက် ဘုရင်တစ်ပါးရဲ့ တာဝန် ဝတ္တရားတွေကနေ အနားယူချင် နေပြီလို့ ပြီးခဲ့တဲ့ နှစ် ကတည်းက တစွန်းတစ ပြောဆို ခဲ့ပါတယ်။

ဂျပန်လို တာကာမိကုရ ၊ မြန်မာလို ဆိုရင်တော့ ဂန္ဓမာပန်း ပလ္လင် အရိုက်အရာ ရယ် ဆိုပြီး ရည်ညွှန်း ခေါ်ဆိုတဲ့ ဂျပန် ထီးနန်းကို ၁၉၈၉ ခုနှစ်က စပြီးလ ဘုရင် အာကီဟီတို ဆက်ခံ ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သက်တော် ကြီးရင့် လာတာနဲ့ အမျှ ၊ နှလုံး ခွဲစိတ် ကုသ ခံထား ရသလို၊ ဆီးကြိတ် ကင်ဆာ ဝေဒနာ အတွက်လည်း ကုသ ထားရတဲ့ ဘုရင် အာကီဟီတို အနေနဲ့ ထီးနန်းကို တရားဝင် စွန့်လွှတ်ဖို့ ဥပဒေကြောင်း အရ ပြင်ဆင် နေတာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီ ဥပဒေသာ အတည် ဖြစ်သွားပြီ ဆိုရင် သားတော် အိမ်ရှေ့မင်း ဖြစ်တဲ့ နာရူဟီတိုက ထီးနန်းကို ဆက်ခံ မှာ ဖြစ်ပြီး၊ မင်းပြောင်းမင်းလွဲဟာ လာမယ့် နှစ် ၂ဝ၁၈ ဒီဇင်ဘာလထဲ ဖြစ်လာ နိုင်တယ်လို့ ယူဆ ရပါတယ်။

၁၉ ရာစု၊ ၁၈၁၇ ခုနှစ်တုန်းက ဧကရာဇ် ကိုကကု နန်းစွန့် ခဲ့ပြီး တဲ့နောက်၊ ဂျပန် နိုင်ငံမှာ ဘုရင်တွေဟာ သက်ရှိ ထင်ရှား ရှိနေတုန်း ထီးနန်းကနေ ဆင်းသွား တာမျိုး ပြီးခဲ့တဲ့ အနှစ် ၂ဝဝ အတွင်း မရှိ ခဲ့ဖူး ပါဘူး။

ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် တာဝန် တွေကနေ အနားယူချင်တဲ့ ဘုရင် မင်းမြတ် အာကီဟီတိုရဲ့ ဆန္ဒ သဘောထား အပေါ် ဂျပန် ပြည်သူ အများက အားပေး ထောက်ခံကြတယ် လို့ ဂျပန် သတင်းဌာနတွေက ရေးသား နေပါတယ်။

ဘုရင် အာကီဟီတိုကို နန်းစွန့်ခွင့် ပြုတဲ့ ဥပဒေကတော့ ဒီ တစ်ကြိမ်တည်းသာ အသုံး ပြုခွင့် ရှိမှာ ဖြစ်ပြီး၊ နောက် တက်လာမယ့် ဘုရင် တွေ အနေနဲ့ ဒီ ဥပဒေကို ထပ်သုံးပြီး နန်းစွန့်ခွင့် မရှိပါဘူး။

အခုလို ဘုရင် ထီးနန်း စွန့်ဖို့ ပြင်ဆင်လာတဲ့ သီတင်း တစ်ပတ်ထဲမှာပဲ ဂျပန် တော်ဝင် မိသားစုနဲ့ ပတ်သက်တဲ့ နောက်သတင်း တစ်ပုဒ်ကလည်း လူအများ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ် ဆိုပြီး ဘီဘီစီ သတင်းထောက် ရူ့ပါ့တ် ဝင်းဖီးလ်ဒ်ဟေးစ်က ပြောပါတယ်။

ဘုရင့်မြေးတော် မင်းသမီး မာကိုဟာ တော်ဝင် မျိုးရိုး မဟုတ်ပဲ သာမန် အရပ်သားနဲ့ စေ့စပ်လိုက်တဲ့ အတွက် လက်ရှိ ဂျပန် ဥပဒေအရ လက်ထပ်တဲ့ အခါ တော်ဝင် မင်းသမီး အရိုက်အရာကို စွန့်လွှတ် ရမှာ ဖြစ်ပါတယ်။

ဂျပန် ဧကရာဇ် အရိုက်အရာကိုတော့ အမျိုးသားတွေသာ ဆက်ခံ ခွင့် ရှိပါတယ်။

ဂျပန် ဘုရင်တွေ အပေါ် လူ့ ဇာတိ ခံယူတဲ့ နတ်ဖုရား သဖွယ် အထိ ပြည်သူတွေက အစဉ်အလာ ကြည်ညို ကြပြီး နိုင်ငံရဲ့ အထွဋ်အထိပ် အဖြစ် လက်ခံ ကြပေမယ့် ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံး ပြီးတဲ့နောက် ၁၉၄၇ မှာ ဥပဒေ အပြောင်းအလဲ တွေ ဖြစ်လာ ခဲ့ပြီး ဂျပန် ဧကရာဇ် တွေ အနေနဲ့ နိုင်ငံရေးထဲ စွက်ဖက်ခွင့် မရှိဖို့ အခြေခံ ဥပဒေ အရ တားမြစ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ