ဖိလစ်ပိုင်အစိုးရ သိမ်းထားတဲ့ အာဏာရှင် မားကို့စ်ပိုင် ပစ္စည်းတွေ ယိုယွင်းလာ

  • 20 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဖာဒီနန် မားကို့စ်နဲ့ သူ့ရဲ့ ဇနီး အီမယ်လ်ဒါတို့ဟာ သူတို့ ဖိလစ်ပိုင်ကို အုပ်ချုပ်တဲ့ ကာလမှာ နာမည်ကျော် အနုပညာ ပစ္စည်းတွေ စုဆောင်းမှု အပါအဝင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ဖိုး လောက်အထိ စုဆောင်းနိုင်ခဲ့

ဖိလစ်ပိုင်အစိုးရဟာ အာဏာရှင်ဟောင်း မားကို့ရဲ့ မိသားစုဆီကနေ သိမ်းယူထားတဲ့ အဖိုးတန် အနုပညာ ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံတော်စာရင်းစစ်က ဝေဖန်လိုက်ပါတယ်။

အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်နဲ့ သူ့ရဲ့ ဇနီး အီမယ်လ်ဒါတို့ဟာ သူတို့ ဖိလစ်ပိုင်ကို အုပ်ချုပ်တဲ့ နှစ် ၂၀ ကာလမှာ နာမည်ကျော် အနုပညာ ပစ္စည်းတွေ စုဆောင်းမှု အပါအဝင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ဖိုး လောက်အထိ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။

မားကို့စ်ခေတ်က ပိုင်ဆိုင်မှုတွေ သိမ်းယူထားတဲ့အထဲက ရုရှားနဲ့ အီတလီက အနုပညာပစ္စည်း တချို့ဟာ ပိုးစားတာ၊ မှိုတက်တာတွေ ဖြစ်ပြီး ယိုယွင်း ပျက်စီးကုန်တယ်လို့ ဖိလစ်ပိုင် အစိုးရက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ ပြန်မတွေ့ရသေးတဲ့ မားကို့စ်မိသားစုပိုင် နာမည်ကျော် ပန်းချီကားတွေကိုလည်း ဆက်လက်ရှာဖွေနေပြီး အဲဒီအထဲမှာ ပီကာဆိုနဲ့ မိုနေးတို့လို ကမ္ဘာကျော် ပန်းချီဆရာတွေရဲ့ လက်ရာတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။