အကြမ်းဖက်ဝါဒ ဆန့်ကျင်တာဟာ ယဉ်ကျေးမှုခြင်း ထိပ်တိုက်တိုးတာ မဟုတ်

  • 21 မေ 2017
Image caption အာရပ်နဲ့ မွတ်ဆလင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရပ်ကမ္ဘာက မွတ်ဆလင် ခေါင်းဆောင်တွေကို သူတို့ရဲ့ နိုင်ငံအသီးသီးကနေ အကြမ်းဖက်ဝါဒကို တိုက်ထုတ်ပစ်ပါ ဆိုပြီး တိုက်တွန်း လိုက်ပါတယ်။

အကြမ်းဖက် ဝါဒ ဆန့်ကျင်ရေးဆိုတာ ကောင်းမြတ်မှုနဲ့ ဆိုးယုတ်မှုကြားက တိုက်ပွဲ ဖြစ်ပြီး၊ ဘာသာတရားတွေကြား ဒါမှမဟုတ် မတူတဲ့ ယဉ်ကျေးမှုတွေကြားက ပဋိပက္ခ မဟုတ်ဘူးလို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဆော်ဒီအာရဗျ နိုင်ငံမှာ ရောက်ရှိနေပြီး အာရပ်နဲ့ မွတ်ဆလင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ပဋိပက္ခတွေ ဖြစ်အောင် အီရန်က သွေးထိုး ပေးနေတယ်လို့ ထရမ့်က အီရန် တစ်နိုင်ငံတည်း အပေါ် ကွက်ပြီး ပြစ်တင်စကား ဆိုခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံထဲ အာဆတ် အစိုးရ ကျူးလွန်တဲ့ ပြောမပြတတ်အောင် ကြမ်းကြုတ် ရက်စက်မှုတွေကို အီရန်က ထောက်ပံ့ အားပေးနေတယ် လို့လည်း သမ္မတထရမ့်က ဆိုပါတယ်။

အခု ဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ် အတွင်း ဆော်ဒီကို လက်နက်က အကြီးအကျယ် ရောင်းဖို့ သဘောတူ စာချုပ်ချုပ်ဆို ခဲ့တဲ့ အချက်ကို အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗတ် ဇာရစ်ဖ်က တန်ပြန် ထောက်ပြ ခဲ့ပါတယ်။

အမေရိကန်ရဲ့ မိတ်ဖက် ဆော်ဒီကတော့ တကယ့် ဒီမိုကရေစီနိုင်ငံကြီး၊ အလယ်အလတ် လမ်းစဉ် ကျင့်သုံးတဲ့ နိုင်ငံကြီးပေါ့လေ ဆိုတဲ့ သရော်သံနဲ့ မစ္စတာ ဇာရစ်ဖ်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ် ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဆော်ဒီဆီက နို့ညှစ်သလို ဒေါ်လာ ဘီလီပေါင်းများစွာ အမေရိကန်က ညှစ်ချနေတာ ဆိုပြီးတော့လည်း မစ္စတာ ဇာရစ်ဖ်က ရေးသားထားပါတယ်။