မန်ချက်စတာ ဂီတပွဲမှာ အကြမ်းဖက်သမားတိုက်ခိုက်လို့ အနည်းဆုံး ၂၂ ဦးသေ

  • 23 မေ 2017
ဓာတ်ပုံ မူပိုင် Dave Thompson
Image caption လူငယ်တွေ အများစု ပွဲလာကြည့်နေတုန်း အကြမ်းဖက်သမားက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ မန်ချက်စတာ မြို့က ပေါ့ပ်ဂီတ ဖျော်ဖြေပွဲတခုမှာ အသေခံအကြမ်းဖက်သမား တယောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

လူ ၅၀ ကျော်လောက်ကို ဆေးရုံ ၆ရုံမှာ တင်ပို့ ကုသနေတယ်လို့ မန်ချက်စတာ မြို့ ရဲမှူးကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းနဲ့ ဖောက်ခွဲခဲ့သူလည်း သေဆုံးသွားခဲ့တယ်လို့ ရဲက ပြောပါတယ်။

အမေရိကန် ပေါ့ပ် အဆိုတော် Ariana Grande ရဲ့ ဂီတ ဖျော်ဖြေပွဲ အဆုံး ဒေသစံတော်ချိန် ည၁၀နာရီ ၃၅မိနစ်လောက်မှာ ပေါက်ကွဲသံ ထွက်ပေါ်လာအပြီး လူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မန်ချက်စတာ အသေခံဗုံးပေါက်ကွဲမှု (ရုပ်သံ)

Manchester Arena ပွဲခင်းရုံကြီးရဲ့ အဝင်ဝတခုမှာ စောင့်ဆိုင်းနေတဲ့ အမျိုးသားတဦးက ပေါက်ကွဲမှုကြောင့် မီတာအတော်ဝေးဝေးကို သူလွင့်ထွက်သွားခဲ့ကြောင်းနဲ့ သူထရပ်လိုက်တဲ့အချိန်မှာ လူအများအပြား ကြမ်းပြင်မှာ ပြန့်ကျဲနေတာ တွေ့ရကြောင်း ပြန်ပြောပြပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက ထိခိုက်သေဆုံးခဲ့သူတွေ၊ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းမိတယ်လို့ ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုဟာ ဆိုးရွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မစ္စက်မေဟာ မကြာခင်အချိန်မှာပဲ ဝန်ကြီးအဖွဲ့ လုံခြုံရေးအရေးပေါ် အစည်း အဝေးခေါ်ယူကျင်းပမှာ ဖြစ်ပါတယ်။

လာမယ့် အပတ်မှာ ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုတွေကိုလည်း ပါတီတွေက ဆိုင်းငံ့ထားလိုက်ကြပါတယ်။

အနားက မီးရထားဘူတာရုံက ရထားခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။

အိမ်မပြန်နိုင်ပဲ လမ်းမှာ သောင်တင်နေတဲ့ ဂီတပွဲ လာသူတွေကို မြို့ခံ တချို့က လူမှု ကွန်ရက်ပေါ်ကနေတဆင့် တည်းဖို့ နေရာ ကမ်းလှမ်းခဲ့ကြသလို အငှားကားမောင်းသမားတွေကလည်း ကားခမယူပဲ သွားလိုရာကို အခမဲ့ မောင်းပို့ပေးခဲ့ကြပါတယ်။