အမေရိကန် နိုင်ငံတော် လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ဟောင်း သက်သေထွက်ဖို့ ငြင်းဆန်

  • 23 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဖွဲ့စည်းပုံပါ ပြင်ဆင်ချက် ဥပဒေတခုအရ သက်သေမထွက်ဆိုခွင့် ရှိတယ်လို့ Michael Flynn ရဲ့ ရှေ့နေတွေက ပြော

အမေရိကန် ဆီးနိတ် စုံစမ်းစစ်ဆေးရေး ကော်မတီ အကြီးအကဲက သမ္မတ ထရမ့်ရဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း Michael Flynn က သက်သေထွက်ဆိုဖို့ ငြင်းဆန်နေတဲ့အတွက် သူတို့ အကြီးအကျယ် စိတ်ပျက်သွားခဲ့ရတယ်လို့ ပြောပါတယ်။

ကော်မတီရဲ့ ထိပ်တန်း ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ဆီးနိတ် အမတ်တွေ ဖြစ်ကြတဲ့ Richard Burr နဲ့ Mark Warner တို့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားတွေ ပါဝင် ပတ်သက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ Flynn ဆီက သက်သေ ထွက်ချက် ရအောင် သူတို့ အပြင်းအထန် ကြိုးစားမယ်လို့ ပြောပါတယ်။

သက်သေ ထွက်ဆိုခြင်းအားဖြင့် မစ္စတာ Flynn အနေနဲ့ သူ့ကိုယ်တိုင် အပြစ်ကျူးလွန်တဲ့ အခြေအနေ ရောက်မသွားအောင် ဖွဲ့စည်းပုံပါ ပြင်ဆင်ချက် ဥပဒေတခုကို ကိုးကားပြီး သက်သေမထွက်ပဲ နေမယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ရုရှား သံအမတ်ကြီးနဲ့ သူအဆက်အသွယ် ရှိခဲ့တာကို မရှိသယောင် ဒုတိယ သမ္မတကို သူ ပြောခဲ့ကြောင်း ပေါ်ထွက်လာခဲ့အပြီးမှာ မစ္စတာ Flynn ရာထူးကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။