ဂျိမ်းစဘွန်းမင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်

  • 23 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆာရော်ဂျာ သရုပ်ဆောင်ခဲ့တဲ့ ကားတိုင်း အောင်မြင်ပြီး ဝင်ငွေကောင်းခဲ့။

ဂျိမ်းစဘွန်းမင်းသား အဖြစ်ထင်ရှားကျော်ကြားခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသားကြီး ဆာရော်ဂျာမိုးဟာ အသက် ၈၉ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါပြီ။

၁၉၇၃ ခုနှစ်မှာ မင်းသားကြီး ရှောင်ကွန်နရီဆီကနေ ဂျိမ်းစ်ဘွန်းမင်းသားအဖြစ်ကို စတင်လွှဲယူခဲ့ပြီး ရော်ဂျာမိုးရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းကားကတော့ Live and Let Die ပါ။

သူ သရုပ်ဆောင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းကား ၇ ကားရှိပြီး ကားအားလုံးလိုလိုဟာလည်း အောင်မြင်ပြီး ဝင်ငွေဒေါ်လာ ဘီလျံနဲ့ ချီပြီး ရခဲ့ပါတယ်။

သူဟာ ကမ္ဘာကျော် ဗြိတိသျှစပိုင်ဇာတ်ကောင်အဖြစ် ၁၂ နှစ်ကြာ သရုပ်ဆောင်ခဲ့ပါတယ်။

မစ္စတာရော်ဂျာမိုးကို သူ့ဆန္ဒအတိုင်း မိုနာကိုမှာ မိသားစု သီးသန့်စျာပနအဖြစ်နဲ့ ကျင်းပမှာ ဖြစ်တယ်လို့ သူ့မိသားစုက ပြောပါတယ်။

ဆာရော်ဂျာကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ကရစ်စတီနာ သိုလ်းစထရပ်နဲ့ သားသမီး သုံးဦးကျန်ရစ်ပါတယ်။