မန်ချက်စတာအကြမ်းဖက်သမားကို သိထားပြီလို့ ၀န် ကြီးချုပ် ပြော

  • 23 မေ 2017
ဓာတ်ပုံ မူပိုင် Jeff J Mitchell
Image caption လုံခြုံရေးတပ်လှန့်မှုတွေကြားက တိုက်ခိုက်မှုဖြစ်ခဲ့

ဗြိတိန်နိုင်ငံ မြောက်ပိုင်း မန်ချက်စတာမြို့က ဂီတဖျော်ဖြေပွဲတစ်ခုမှာ မေလ ၂၂ ရက် တနင်္လာနေ့ညက အသေခံ ဗုံးခွဲသမား တစ်ယောက်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီ တိုက်ခိုက်သူ ဘယ်သူဘယ်ဝါဆိုတာ လုံခြုံရေးတပ်ဖွဲ့တွေက သိထားတယ်လို့ ဝန်ကြီးချုပ် ထရီစာမေက ပြောလိုက်ပါတယ်။

အမေရိကန် အဆိုတော် အာရီယာနာ ဂရင်းဒေးရဲ့ ဖျော်ဖြေပွဲအပြီး လူတွေပြန်ထွက်လာချိန်မှာပဲ အကြမ်းဖက်သမားက သူ ယူလာတဲ့ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းကို ဖောက်ခွဲလိုက်တာ ဖြစ်တယ်။ ဖောက်ခွဲသူလည်း သေဆုံးသွားတယ်လို့ မန်ချက်စတာ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကလေးတွေအပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးသွားပါတယ်။ လူ ၆၀ လောက်လည်း ဒဏ်ရာရသွားပါတယ်။ တချို့ရဲ့ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတယ် လို့လည်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်လဲ ပါပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ထရီစာမေက နိုင်ငံတော်လုံခြုံရေး ဝန်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု မှန်သမျှဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်ဖြစ်ပြီး အခုလုပ်ရပ်ကတော့ အပြစ်မဲ့ ကလေးငယ်တွေကို ဦးတည်တိုက်ခိုက်မှုဖြစ်လို့ ဆိုးဝါးယုတ်ညံ့လှတယ်လို့ သူက ပြောခဲ့ပါတယ်။

အကြမ်းဖက်သမားနဲ့ အတူ ပူးပေါင်းကြံစည်သူတွေ ရှိသေးလားဆိုတာ တော့ ရဲတွေက စုံစမ်းဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စလာမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ အဖွဲ့ကိုထောက်ခံသူ တစ်ယောက်လုပ်ခဲ့တာလို့ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာမှာတော့ ရဲတွေက ဒီကနေ့ နေအိမ်တော်တော်များများကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်လူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အိမ်တစ်လုံးမှာတော့ ပေါက်ကွဲစေတဲ့ ပစ္စည်းတစ်ခုကို ရဲက တွေ့ရှိလို့ ထိမ်းချုပ်ဖောက်ခွဲခဲ့ပါတယ်။

မတ်လက လန်ဒန်ပါလီမန်နားမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် ဗြိတိသျှရဲတွေက နေ့စဉ်လိုလို ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုတွေ ရှောင်လွဲလို့ မရနိုင်ဘူးလို့လည်း သတိပေးထားပါတယ်။

ဂျာမန် ဝန်ကြီးချုပ်၊ ရုရှားသမ္မတ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အတော်များများကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကလည်း အကြမ်းဖက်သမားတွေဟာ အရှုံးသမားတွေလို့ ပြောခဲ့ပါတယ်။ ဂျာမနီဝန်ကြီးချုပ် အန်ဂယ်လာ မာကယ်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ဥရောပတလွှား အကြမ်းဖက်မှု တိုက်ချက်ရေးကို ပိုပြီး ပူးပေါင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။