ဗြိတိန်မှာ အကြမ်းဖက်မှု အန္တရာယ် အဆင့်ကို အရေးတကြီးအဆင့် အဖြစ် တိုးမြှင့်သတ်မှတ်

  • 23 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် မန်ချက်စတာမြို့ မြို့တော်ခန်းမမှာ ဝန်ကြီးချုပ် ထရီစာ မေ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

လူ ၂၂ဦး သေဆုံးခဲ့တဲ့ မန်ချက်စတာမြို့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး ဗြိတိန်နိုင်ငံမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာနိုင်ဘွယ် ရှိတယ် ဆိုပြီး ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက သတိပေးလိုက်ပါတယ်။

အကြမ်းဖက်မှု အန္တရာယ် အဆင့်ကို အရေးတကြီး အဆင့်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ် ထရီစာ မေက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အရေးပါတဲ့ နေရာတွေ ၊ အားကစားပွဲတွေမှာ လက်နက်ကိုင် ရဲတွေနေရာမှာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို အစားထိုး အားဖြည့် ချထားမှာ ဖြစ်တယ်လို့ မစ္စစ် မေက ပြောပါတယ်။

တနင်္လာနေ့ညက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ တသီးပုဂ္ဂလ အုပ်စုကြီး တခုနဲ့ ဆက်နွယ် ပတ်သက်ဘွယ် ရှိတယ်လို့ ယူဆရကြောင်းလည်း သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အသေခံ ဗုံးခွဲခဲ့သူဟာ မန်ချက်စတာမြို့က အသက် ၂၂နှစ်အရွယ် Salman Abedi ဆိုသူ ဖြစ်တယ်လို့ ရဲက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

သူဟာ တိုက်ခိုက်မှု မလုပ်ခင် ရက်အနည်းငယ်မှာ ပြည်ပကနေ ဗြိတိန်နိုင်ငံကို ပြန်လာခဲ့တာလို့ ဖေါ်ထုတ် သိရှိရပါတယ်။

ဆယ်လ်မန် အဘီဒီဟာ မန်ချက်စတာ မြို့မှာ မွေးခဲ့သူ ဖြစ်ပြီး လစ်ဗျား နွယ်ဘွား ဖြစ်ပါတယ်။

သူ့မိဘတွေက ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးမှ လစ်ဗျားနိုင်ငံမှာ ပြန်နေနေတယ်လို့ ယူဆရပါတယ်။

အဘီဒီဟာ မန်ချက်စတာမြို့က ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး အဲဒီကနေ ဆယ်လ်ဖို့ဒ် တက္ကသိုလ်ကို တက်ခဲ့ပါတယ်။ ဒါပေမယ့် တက္ကသိုလ် ပညာကို အဆုံးထိ မသင်ယူခဲ့ပါဘူး။

သူဟာ ဘောလုံးကန် ကောင်းသူ တဦး ဖြစ်သလို မူးယစ်ဆေး သုံးစွဲသူ တဦးလည်း ဖြစ်တယ်လို့ သူ့မိတ်ဆွေ သူငယ်ချင်းတွေက ပြောပါတယ်။

IS အစ္စလာမစ်နိုင်ငံအဖွဲ့ကတော့ သူတို့အဖွဲ့ကို ထောက်ခံ အားပေးသူတွေထဲက တဦးက ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာ ဆိုပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေး ပါတီကြီးတွေက လာမယ့်လ ရွေးကောက်ပွဲအတွက် ပါတီ မဲဆွယ်စည်းရုံးတာတွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ဆက် ဆိုင်းငံ့ထားမယ်လို့ အတည်ပြု ပြောပါတယ်။