ဗုံးကွဲမှု သတင်း အချက်အလက်တွေ အမေရိကန် မီဒီယာပေါ် ပေါက်ကြား

  • 25 မေ 2017
ဓာတ်ပုံ မူပိုင် NEW YORK TIMES
Image caption မှုခင်း ဓာတ်ပုံတွေ ဘယ်လို နည်းနဲ့ သတင်းမီဒီယာဆီ ပေါက်ကြား ခဲ့တာလဲ

မန်ချက်စတာ အရီနာလို့ ခေါ်တဲ့ မန်ချက်စတာမြို့ ဖျော်ဖြေရေး ခန်းမဆောင်မှာ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံနဲ့ကြား သတင်း ဖလှယ်တာတွေကို ဗြိတိန် နိုင်ငံဘက်က ရပ်တန့် ထားတယ်လို့ ဘီဘီစီ အနေနဲ့ နားလည် ရပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်း ထားတာတွေဟာ တရားဝင် မထုတ်ပြန်ရသေးခင် မီဒီယာကို ပေါက်ကြား ခဲ့တဲ့နောက် ယူကေအာဏာပိုင်တွေ ဘက်က အခုလို လုပ်ဆောင် လာတာပါ။

အခင်း ဖြစ်ရာ နေရာက အပျက်အစီး အပိုင်းအစတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အမေရိကန် သတင်းစာ ဖြစ်တဲ့ နယူးယောက်တိုင်းမ်စ်က ဖော်ပြ လာခဲ့တဲ့နောက်၊ ဒီလို မှုခင်း ဓာတ်ပုံတွေ ဘယ်လို နည်းနဲ့ သတင်းမီဒီယာဆီ ပေါက်ကြား ခဲ့တာလဲ ဆိုတဲ့ မေးခွန်း ထွက်ပေါ် လာခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံတွေထဲ သွေးစွန်း နေတဲ့ ဗုံးကွဲစတွေနဲ့၊ ဗုံးထည့်သယ်ခဲ့တဲ့ ကျောပိုးအိတ်လိုမျိုး အမှု အတွက် အင်မတန် အရေးကြီးတဲ့ သက်သေ အထောက်အထားတွေကို တွေ့နေရပါတယ်။

ဒါ့အပြင်၊ မန်ချက်စတာ အရီနာကို ဗုံးခွဲ တိုက်ခိုက် ခဲ့သူဟာ အသက် ၂၂ နှစ် အရွယ် Salman Abedi ဖြစ်တယ် ဆိုတဲ့ အချက်အလက်ကလည်း အခင်းဖြစ်ပြီး နာရီ အနည်းငယ် အကြာမှာတင် အမေရိကန် မီဒီယာတွေပေါ် ရောက်ရှိ ခဲ့ပါတယ်။

အမေရိကန် အစိုးရ ယန္တရား ထဲကနေ အမေရိကန် မီဒီယာဆီ သတင်းတွေ ပေါက်ကြား ခဲ့တာ ဖြစ်တယ်လို့ ယူကေဘက်က ယူဆ နေပါတယ်။

နှစ်နိုင်ငံ အစိုးရကြား မျှဝေတဲ့ သတင်း အချက်အလက်တွေ မပေါက်ကြား စေပဲ၊ လုံခြုံစွာ ထိန်းသိမ်း ထားရမယ် ဆိုတာကို လာမယ့် နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစည်းအဝေးမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့တဲ့အခါ သတိပေးမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ပြောပါတယ်။

ယူကေ အာဏာပိုင်တွေရဲ့ သဘောဆန္ဒ မပါပဲ မီဒီယာကို ဗုံးခွဲသူ ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ပြောခဲ့တဲ့ လုပ်ရပ် အတွက် အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ယူကေ ပြည်ထဲရေး ဝန်ကြီး အမ်ဘာ ရာ့ဒ်ကလည်း ပြောပြီး၊ ဒါမျိုး ထပ်မံ မဖြစ်ပေါ်ဖို့ ဝါရှင်တန် အစိုးရကို သတိပေး ရမယ်လို့ ဆိုပါတယ်။

မန်ချက်စတာ တိုက်ခိုက် ခံရမှုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အမေရိကန် အစိုးရကို မျှဝေ အသိပေးတာမျိုး ယူကေ ရဲတပ်ဖွဲ့က ရပ်လိုက်ပေမယ့်၊ ကျန်တဲ့ ကိစ္စရပ်တွေ မှာတော့ ပုံမှန် အတိုင်း မျှဝေ သွားမှာ ဖြစ်ပါတယ်။

အကြမ်းဖက် အန္တရာယ်နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို ယူကေနဲ့ အမေရိကန် သာမက ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေနဲ့ ကြားမှာပါ နီးနီးကပ်ကပ် အပြန်အလှန် မျှဝေ ဖလှယ်နေကြတာ ဖြစ်ပါတယ်။