မန်ချက်စတာ တိုက်ခိုက်မှု သတင်းပြန်မျှမယ်

  • 26 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူတွေအတွက် ပူဆွေးဝမ်းနည်းကြ

မန်ချက်စတာ အသေခံ ဗုံးခွဲတိုက်ခွဲမှု နဲ့ ပတ်သက်ပြီး ဗြိတိသျှ နဲ့ အမေရိကန် ထောက်လှမ်းရေးတွေကြား သတင်းအချက်တွေ ပြန်ပြီး မျှဝေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အမေရိကန် သတင်းဌာနတွေ ကို ဒီစုံစမ်းစစ်ဆေးမှု အကြောင်း ပေါက်ကြားခဲ့ပြီးနောက် ပူးပေါင်းမှုတွေ ခေတ္တ ဆိုင်းငံ့ထားခဲ့ပါတယ်။

အမေရိကန်ဘက်က စိတ်ချ ယုံကြည်စေဖို့ ထပ်လောင်း ကတိပြုခဲ့ပြီးနောက် အချက်အလက် ဖလှယ်တာတွေ ပြန်လုပ်တယ်လို့ ဗြိတိသျှ တန်ပြန် အကြမ်းဖက် နှိမ်နင်းရေးက အရာရှိကြီး Mark Rowley က ပြောကြား ခဲ့ပါတယ်။

ဒီပူပန်မှု နဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကိုလည်း အသိပေးထားပြီး ဖြစ်တယ်၊ ဒီလို စုံစမ်းနေဆဲ ကာလမှာ ခုလို ပေါက်ကြားတာဟာ လက်ခံနိုင်စရာ မရှိဘူး၊ ဗြိတိသျှ လုံခြုံရေးပိုင်းလက်ထဲမှာ ရှိရမယ့် သတင်းအချက် တွေကို လူအများကြား မရောက်စေသင့်ဘူးလို့ မန်ချက်စတာ မြို့တော်ဝန် က ပြောကြားခဲ့ပါတယ်။

ဒီပေါက်ကြားမှုမှာ တာဝန်ရှိသူတွေကို အပြင်းထန်ဆုံး အရေးယူသင့်တယ်လို့လည်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြား ခဲ့ပါတယ်။

အမေရိကန် တရားရေးဌာနနဲ့ တခြား အဖွဲ့တွေက ဒီကိစ္စကို ပြန်သုံးသပ်ဖို့လည်း သမ္မတက အမိန့်ပေးထားပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းထားတဲ့ လူ ၈ ယောက်နဲ့ ဆက်နွယ်နေတဲ့ နေရာတွေကို ရှာဖွေရာမှာ အင်မတန် အရေးကြီးတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့လည်း မန်ချက်စတာ ရဲမင်းကြီးက ဆိုပါတယ်။

ဗုံးခွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေး ၅ ယောက် အခြေအနေက စိုးရိမ်ရဆဲ ဖြစ်ပါတယ်။

မန်ချက်စတာ ကလေးဆေးရုံကို လာကြည့်တဲ့ ဗြိတိသျှ ဘုရင်မကတော့ တိုက်ခိုက်မှုကို ကောက်ကျစ် စဉ်းလဲမှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ