လစ်ဗျားမှာ ရှိတဲ့ ဂျီဟာ့ဒစ်စ်တွေရဲ့ စခန်းတွေကို အီဂျစ် ဗုံးကြဲ

  • 27 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption သောကြာနေ့တုန်းက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ကော့ပ်တစ် ခရစ်ယာန်တွေရဲ့ အသုဘ ကျင်းပ

အီဂျစ်နိုင်ငံမှာ ရှိတဲ့ ကော့ပ်တစ် ခရစ်ယာန်တွေကို တိုက်ခိုက်ခံခဲ့ရတာကို ပြန်လက်တုံ့ပြန်တဲ့အနေနဲ့ အီဂျစ် အစိုးရတပ်တွေက အိမ်နီးချင်း လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒါနာမြို့မှာ ရှိတဲ့ ဂျီဟာ့ဒစ်စ်တွေရဲ့ သင်တန်းစခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အစောပိုင်းတုန်းက အီဂျစ်နိုင်ငံအလယ်ပိုင်းမှာ ခရစ်ယာန် ဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစင်းကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ၂၈ဦး သေဆုံးခဲ့ပြီး ၂၅ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အီဂျစ်သမ္မတ အက်ဘ်ဒယ်လ် ဖက်တာ အယ်လ် ဆီဆီက ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ အစွန်းရောက်သမားတွေ အီဂျစ်နိုင်ငံကို ပြိုကွဲသွားအောင် လုပ်လို့ ရမှာ မဟုတ်ကြောင်း၊ အီဂျစ်နိုင်ငံရဲ့ လုံခြုံရေးကို ထိပါးခြိမ်းခြောက်သူတွေကို လိုက်လံ ချေမှုန်း သွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

အကြမ်းဖက်မှုကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေကိုလည်း အရေးယူသင့်တယ်လို့ သူက ပြောခဲ့ပြီး ဒီလိုလုပ်ရာမှာ အမေရိကန် သမ္မတ ထရမ့်အနေနဲ့ အကူအညီပေးဖို့ကို ပန်ကြားခဲ့ပါတယ်။

အခု အီဂျစ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လစ်ဗျားနိုင်ငံက လက်နက်ကိုင်တွေဟာ အစောပိုင်း တုန်းက ကော့ပ်တစ် ခရစ်ယာန်တွေ တိုက်ခိုက်ခံခဲ့ရမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အီဂျစ် စစ်ဘက်ဆိုင်ရာက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

လစ်ဗျားနိုင်ငံမှာ နေတိုးဦးဆောင်တဲ့ အထူးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ၂၀၁၁ခုနှစ် အောက်တိုဘာလတုန်းက လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို ဖြုတ်ချခဲ့အပြီး နိုင်ငံ ဖရိုဖရဲ ဖြစ်နေချိန်မှာ လက်နက်ကိုင် အုပ်စုတွေ အများအပြား ပေါ်ထွက်လာခဲ့ပြီး လစ်ဗျားနိုင်ငံကို ထိထိရောက်ရောက် ထိန်းချုပ်ထားတာပါ။

တခါ IS အစ္စလာမစ်နိုင်ငံ လက်နက်ကိုင်အဖွဲ့ကလည်း အဲဒီ အချိန်မှာ လစ်ဗျားမှာ စအခြေစိုက်လာခဲ့ပါတယ်။

သောကြာနေ့ညက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အုပ်စုကမှ ထုတ်ဖော် ၀န်ခံတာမျိုး မရှိသေးပေမယ့် IS အဖွဲ့က ကော့ပ်တစ် ခရစ်ယာန်တွေကို မကြာသေးခင် လတွေအတွင်း အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

လစ်ဗျားနိုင်ငံမှာ ကော့ပ်တစ် ခရစ်ယာန်တွေဟာ အီဂျစ်နိုင်ငံ လူဦးရေ ၉၂သန်းရဲ့ ၁၀ရာခိုင်နှုန်းလောက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက နိုင်ငံမြောက်ပိုင်းက ဘုရားကျောင်းတွေမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှစ်ခုအတွင်း လူ ၄၆ယောက် သေဆုံးခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကြောင့် သမ္မတ ဆီဆီက နိုင်ငံတဝှမ်း ၃လကြာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး လစ်ဗျားနိုင်ငံ ဆီနိုင်း မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ဂျီဟာ့ဒစ်စ် လက်နက်ကိုင်တွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ လိုအပ်ရင် ရင်ဆိုင် ချေမှုန်းသွားမယ်လို့ ကတိပြုထားတာပါ။

ဒါပေမယ့်လည်း ကော့ပ်တစ်ခရစ်ယာန်တွေက သူတို့ကို အီဂျစ်အာဏာပိုင်တွေက ကာကွယ်စောင့်ရှောက်မှု သိပ်မရှိဘူးဆိုပြီး မကျေမနပ် ဖြစ်နေကြပါတယ်။

သောကြာနေ့ညက ကော့ပ်တစ် ခရစ်ယာန်တွေရဲ့ ဘတ်စ်ကား အတိုက်ခိုက်ခံခဲ့ရအပြီး အခုအခါမှာတော့ ဂျီဟာ့ဒစ်စ်တွေကို တကယ်ပဲ ခြေရာခံ ချေမှုန်းတော့မယ့် ပုံတွေ့နေရပြီလို့ ကိုင်ရိုမြို့က ဘီဘီစီ သတင်းထောက် Orla Guerin က သတင်းပေးပို့ထားပါတယ်။