ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့နေ အများစု IS ကြောင့် ထွက်ပြေးနေရ

  • 27 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မာရာဝီမြို့ရှိရာ မင်ဒါနောင် ကျွန်းမှာ ယခင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုလိုချင်တဲ့ မောက်တေ စစ်သွေးကြွ အုပ်စုတွေ ရှိနေ

ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့က အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အိုင်အက်စ်ရဲ့ သြဇာခံ စစ်သွေးကြွတွေကို အစိုးရက လေကြောင်း တိုက်ခိုက် နှိမ်နင်းမှုတွေ ဆက်လုပ်နေပြီး မြို့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။

ဒီမြို့တွင်းမှာ တိုက်ခိုက်မှုတွေ ငါးရက် ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပြီး ဒါဇင်နဲ့ချီပြီး တပ်စွဲနေကြတဲ့ စစ်သွေးကြွတွေဘက်က ဓါးစာခံ ၁၅ ယောက်ကို လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရက အကြမ်းဖက် ခေါင်းဆောင်တဦးကို ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားခဲ့အပြီးနောက်ပိုင်းမှာ မာရာဝီမြို့တွင်း အခုလို တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တာ ဖြစ်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားက စစ်သွေးကြွတွေကိုလည်း ဖိလစ်ပိုင်က စစ်သွေးကြွတွေနဲ့ လာရောက် ပူးပေါင်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေဆိုးဝါးနေတဲ့ မာရာဝီမြို့ရှိရာ မင်ဒါနာအို ကျွန်းမှာ ယခင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုလိုချင်တဲ့ မောက်တေ စစ်သွေးကြွ အုပ်စုတွေ ရှိနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အိုင်အက်စ်ရဲ့ လက်နက်ပစ္စည်းလို ခိုင်ခိုင်မာမာ ထောက်ပံ့မှုပေးနေတဲ့ ထောက်အထား မတွေ့ရဘူးလို့ ဖိလစ်ပိုင် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

လောလောဆယ်မှာတော့ ဖိလစ်ပိုင်သမ္မတ ဒူတားတေးက မင်ဒါနာအို ကျွန်းတခုလုံးကို စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားပြီး စစ်သွေးကြွတွေနဲ့ ဆွေးနွေးချင်တယ်လို့လည်း ပြောဆိုခဲ့ပေမယ့် အခြေအနေဆိုးလာရင်တော့ မင်ဒါနာအိုမှာသာမက တခြား နေရာတွေမှာပါ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြီး နှိမ်နင်းနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုထားပါတယ်။