G7 စက်မှုနိုင်ငံတွေရဲ့ အစည်းအဝေးမှာ သဘောထားကွဲတာတွေရှိနေ

  • 27 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အစောပိုင်းမှာလည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေ လွတ်လပ်စွာ ကုန်သွယ်ရေး အပိုင်း ဆွေးနွေးမှု အခက်အခဲ ရှိခဲ့

အီတလီမှာ ကျင်းပနေတဲ့ ကမ္ဘာတလွှားက စက်မှုနိုင်ငံကြီးတချို့ပါဝင်တဲ့ G7 အဖွဲ့ အစည်းအဝေးအပြီးမှာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးကလွဲလို့ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေး၊ ရုရှားနဲ့ ဆက်ဆံရေးပုံစံနဲ့ ဒုက္ခသည်အရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့သဘောထားကွဲမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီ အစည်းအဝေးပွဲက ဆွေးနွေးမှု အခြေအနေနဲ့ ပတ်သက်ပြီး ကျေနပ် အားရစရာ မရှိဘူးလို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကယ်က ပြောဆိုထားပါတယ်။

အဓိကအားဖြင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေးအပိုင်းမှာ အမေရိကန်ရဲ့ အခြေအနေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က အခုလို ပြောပါတယ်။

'အမေရိကန်က ဥတုဆိုင်ရာ ပါရီသဘောတူချက် ကနေ ထွက်မထွက်တော့ ကျနော် မသိပါဘူး။ ဒီလို တနိုင်ငံက ထွက်တာနဲ့တော့ ဒီသဘောတူချက်က ပျက်သွားစရာ မရှိပါဘူး၊ ဒါကို သံသယရှိတဲ့ တနိုင်ငံ ပါနေရင် ကျန်တဲ့ နိုင်ငံတွေက ဒါကို ဖြေဖျောက်ပေးရမှာပါ'

လို့ မစ္စတာ ဂူတဲရက်စ် ပြောသွားတာပါ။

ဒီအစည်းအဝေးမှာ အမေရိကန် သမ္မတ ထရမ့်အနေနဲ့ ကမ္ဘာကြီး ပူနွေးမှုဆိုင်ရာ ပါရီ သဘောတူချက်ကို လက်မလွှတ်ဖို့ကိုလည်း ဂူတဲရက်စ်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီ အစည်းအဝေးမှာ ဥတုဆိုင်ရာ ပါရီသဘောတူညီချက်ကို အမေရိကန်ကလွဲလို့ ကျန် ဂျီဆဲဗင်းအဖွဲ့ဝင် ခြောက်နိုင်ငံက အကောင်အထည်ဖော်ဖို့ အတည်ပြုခဲ့ကြပြီး အမေရိကန် သမ္မတ ထရမ့်ကတော့ နောက်တပတ် အချိန်ယူဦးမယ်လို့ ပြောဆိုထားပါတယ်။

အစောပိုင်းမှာလည်း နိုင်ငံကြီးတချို့နဲ့ ကုန်သွယ်ရေးမှာ အနုတ်ပြနေလို့ မမျှတဘူးလို့ ဝေဖန်နေတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေ လွတ်လပ်စွာ ကုန်သွယ်ရေး အပိုင်း ဆွေးနွေးမှု အခက်အခဲ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ အမေရိကန်သမ္မတ ထရမ့်က တနိုင်ငံချင်းစီ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ ဝါဒ တိုက်ဖျက်ရေးကို ထောက်ခံမှု ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲတဲ့ ပြဿနာဟာ အစည်းအဝေးရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ထဲမှာလည်း ထင်ဟပ်နေခဲ့ပြီး လွတ်လပ်စွာ ကုန်သွယ်ရေးက စီးပွားရေး တိုးတက်ဖို့နဲ့ အလုပ်အကိုင်ဖန်တီးရေးမှာ အကျိုးရှိပေမယ့် ပါဝင်သူ အားလုံးအတွက် အမြဲတမ်း အကျိုး မရှိနိုင်ဘူးဆိုတဲ့ ဖော်ပြချက်လည်း ပါဝင်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို တူနီးရှား၊ ကင်ညာ၊ အီသီယိုးပီးယား၊ နီဂျဲနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေလည်း တက်ရောက်ခဲ့ပြီး ဒုက္ခသည် ကိစ္စတွေ အာဖရိကဘက်မှာပဲ ဆက်ထားဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ကျင်းပနေတဲ့ ဂျီဆဲဗင်း အဖွဲ့ဝင် နိုင်ငံတွေကတော့ ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်နဲ့ ကနေဒါတို့ ဖြစ်ကြပါတယ်။