ရာသီဥတု အရေး ဂျီဆဲဗင်း သဘောတူညီချက် မရ

  • 27 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျီ ၇ ထိပ်သီးဆွေးနွေးပွဲမှာ ရာသီဥတုဆိုင်ရာ သဘောတူညီချက် မရရှိ။

အီတလီနိုင်ငံ ဆစ်စလီကျွန်း ဂျီ ဆဲဗင်း အရင်းရှင်အင်အားကြီး နိုင်ငံ ၇ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့နဲ့ ရင်ဆိုင်တွေ့နေကြပါတယ်။

ရဲက ဆန္ဒပြသူတွေကို တပ်ဖွဲ့အင်အားနဲ့ဖိပြီး တွန်းထိုးရိုက်နှက်သလို မီးခိုးဗုံးနဲ့ပစ်ပြီးတော့လည်း ဖြိုခွဲနေပါတယ်။

ဆန္ဒပြသူအရေအတွက် စုစုပေါင်း ၃၀၀၀ ဝန်းကျင်ရှိကြပါတယ်။ သူတို့ဟာ နိုင်ငံရေး အရောင်အသွေး အမျိုးမျိုးကွဲပြားကြသူတွေဖြစ်ကြပါတယ်။ မင်းမဲ့ဝါဒီတွေ၊ အလုပ်သမားအရေး လုပ်ရှားသူတွေ၊ ဆင်းရဲမွဲတေမှုလူတန်းစားကွာဟမှုကို ဆန့်ကျင်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ပါဝင်ကြပါတယ်။

အဲဒီအထဲက လူ ၁၀၀ လောက်ရှိတဲ့ အုပ်စုတစုဟာ ရဲကဟန့်တားထားတဲ့ လုံခြုံရေးစည်းကို ကျော်ဖြတ်ဖို့ကြိုးစားရာကနေ ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး ဖြိုခွဲနှိမ်နင်းမှုတွေ ဖြစ်လာခဲ့တာပါ။

ဆင်းရဲချမ်းသာကွာဟာမှုနဲ့ ရာသီဥတုပြောင်းလဲပျက်စီးမှုဟာ ဆန္ဒပြသူတွေရဲ့ အဓိက အကြောင်းအရာတွေဖြစ်ပါတယ်။

အခု ဂျီ ၇ နိုင်ငံကြီးတွေဟာ ကျန်တဲ့ စီးပွားရေးကိစ္စတွေမှာ တော်တော်များများ သဘောတူညီမှုတွေရခဲ့ကြပေမယ့် ရာသီဥတုပြောင်းလဲပျက်စီးမှုတိုက်ဖျက်ရေး ပဲရစ် စာချုပ်နဲ့ပတ်သက်ရင်တော့ သဘောတူညီချက် မရခဲ့ပါဘူး။

အဓိကကတော့ အမေရိကန်ပြည်ထောင်စုနဲ့ သဘောတူညီချက် မရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာဟာ အလကားလိမ်ညာနေတာသာ ဖြစ်တယ်လို့ ပြောဖူးသူ ဖြစ်ပါတယ်။

အခုလည်း အမေရိကန်ပြည်ထောင်စုက ရာသီဥတုဆိုင်ရာ ပဲရစ်စာချုပ်ကို ပြန်လည်သုံးသပ်ဦးမယ်လို့ ဆိုနေပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အင်ဂလာ မာကဲကတော့ ရာသီဥတုပျက်ပြားမှု ကိစ္စကို ညှိနှိုင်းရတာ ခက်ခဲတယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ ပဲရစ်စာချုပ်ကို မလိုလားလို့ တညီတညွတ်တည်းဆုံးဖြတ်ချက်ကို မချနိုင်ခဲ့တာဖြစ်ပေမယ့် ဆုံးဖြတ်ချက်ကို တော့ အပြတ်မပြောသေးဘဲနဲ့ နောက်တပတ်ကြာမှ အကြောင်းပြန်မယ်လို့ ဆိုထားပါတယ်။

တကယ်လို့ အမေရိကန် တနိုင်ငံတည်းကြောင့် ပဲရစ်စာချုပ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ပျက်ရမယ်ဆိုရင် ဘယ်လိုသဘောထားမလဲလို့ ဘီဘီစီ သတင်းထောက်က အခုဂျီဆဲဗင်း ထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီးယိုး ဂုတဲရက်ရှ် ကို မေးရာမှာတော့ "တနိုင်ငံတည်း သဘောမတူလို့ သဘောတူညီချက်က မပျက်ပါဘူး။ အမေရိကန်က သဘောတူမှာလား မတူဘူးလားဆိုတာလား ကျနော်တို့ ပြတ်ပြတ်သားသား မသိရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတနိုင်ငံက ငြင်းပယ်နေတယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေမှာလည်း စဉ်းစားစရာတွေ ပိုရလာပါလိမ့်မယ်။ ပိုပြီး စည်းလုံးညီညွတ်လာပါလိမ့်မယ်။ ပဲရစ်စာချုပ်ဟာ ဆက်ပြီး အလုပ်ဖြစ်နေဦးမှာပါ" လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆင်းရဲနိုင်ငံ ၄၈ နိုင်ငံရဲ့ ဖိုရမ်ကတော့ ပဲရစ်စာချုပ်ဟာ ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ အသက်သွေးကြောလို့ ဆိုပါတယ်။

အဲဒီနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေး သန်းတထောင်လောက်ကို ကိုယ်စားပြုတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။