စက်မှုထိပ်သီးညီလာခံမှာ ရာသီဥတုပြောင်းလဲမှုကိစ္စ သဘောတူချက်မရ

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကိစ္စ၊ ကုန်သွယ်ရေး ကိစ္စနဲ့ ရာသီဥတု ပြောင်းလဲလာမှု ကိစ္စတွေမှာ သမ္မတထရမ့် တင်းမာ

အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ကမ္ဘာ့စက်မှု ထိပ်သီး ၇နိုင်ငံရဲ့ ဆွေးနွေးပွဲကြီးမှာ ရာသီဥတု ပြောင်းလဲလာမှု ဆိုင်ရာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ဖို့ သဘောတူညီမှု မရပဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ရပါတယ်။

ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး ပဲရစ် သဘောတူချက်ကို ထောက်ခံကြောင်း စက်မှု ထိပ်သီး ၆နိုင်ငံက ထပ်လောင်း အတည်ပြုခဲ့ပေမယ့် ဒီသဘောတူချက်ကို အမေရိကန် ပြန်ထောက်ခံဖို့ သမ္မတထရမ့်က ငြင်းဆန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လာမယ့် သီတင်းပတ်မှာ ဆုံးဖြတ်မယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

ပဲရစ် သဘောတူချက်ကနေ အမေရိကန် နှုတ်ထွက်မယ်လို့ သမ္မတ ထရမ့်က အရင်က ခြိမ်းခြောက် ပြောထားခဲ့တာပါ။

ဂျာမန်ဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ်က ရာသီဥတု ပြောင်းလဲလာမှုအကြောင်း အခြေအတင် ဆွေးနွေးမှုက အတော်လေး အဆင်မပြေ ဖြစ်နေပြီး ကြေနပ်စရာ သိပ်မတွေ့ရကြောင်း၊ အမေရိကန်က ပဲရစ် သဘောတူချက်ထဲ ပါမယ် မပါဘူး ဆိုတာကို ဘာမှ မပြောသေးကြောင်း ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံ ၆ဦး ၊ ဥရောပ သမဂ္ဂပါ ထည့်တွက်ရင် ၇ဦးကတော့ ဒီသဘောတူချက်ကို သဘောတူ ထောက်ခံတယ် ဆိုတာ ပြတ်ပြတ်သားသား ပြောထားပြီး ဖြစ်ကြောင်း ပြောသွားပါတယ်။