British Airways လေကြောင်းအပေါ် ခရီးသည်တွေ ဒေါသထွက်

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် ခရီးသည်တွေ လေဆိပ်မှာ သောင်တင်နေ

ကွန်ပြူတာစနစ်ကြီးတခု ပျက်သွားခဲ့တဲ့အတွက် British Airways လေကြောင်း ခရီးစဉ် အတော်များများ ဆိုင်းငံ့လိုက်ရအပြီး British Airways လေကြောင်းအပေါ် ခရီးသည်တွေ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

British Airways ကုမ္ပဏီရဲ့ အမှုဆောင် အကြီးအကဲ Alex Cruz က လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းမှုဆိုင်ရာ ပြဿနာကြောင့် အခုလို ဖြစ်တာလို့ ပြောပါတယ်။

မနှစ်တုန်းက IT နည်းပညာ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်ပြီး သူတို့အလုပ်တွေကို အိန္ဒိယနိုင်ငံက လူတွေကို ကန်ထရိုက်ပေး ခိုင်းခဲ့တဲ့အတွက် အခုလို ပြဿနာပေါ်ရတာ ဆိုတဲ့ လေကြောင်းအလုပ်သမား သမဂ္ဂရဲ့ စွပ်စွဲချက်ကို British Airways က ငြင်းဆိုလိုက်ပါတယ်။

လန်ဒန်မြို့မှာ ရှိတဲ့ အဓိက လေဆိပ်ကြီးနှစ်ခုကနေ ထွက်ခွာမယ့် British Airways လေကြောင်း ခရီးစဉ်တွေအားလုံးကို စနေနေ့က ဆိုင်းငံ့လိုက်ရပြီး တနင်္ဂနွေနေ့အထိ နှောင့်နှေးကြန့်ကြာမှုတွေ ဆက်ဖြစ်နေအုံးမယ်လို့ ယူဆရပါတယ်။