တင်ကြိုသတင်းတွေကို MI5 ဘယ်လို ကိုင်တွယ်ခဲ့လဲ

  • 29 မေ 2017
Image caption ကလေးငယ် ၇ ယောက် အပါအဝင် ၂၂ ယောက် သေဆုံးခဲ့

မန်ချက်စတာမြို့ ဖျော်ဖြေရေး ခန်းမဆောင်မှာ ပြီးခဲ့တဲ့ သီတင်းပတ် တနင်္လာနေ့က အသေခံ ဗုံးခွဲခဲ့တဲ့ ဆာလ်မန် အဘာဒီ နဲ့ ပတ်သက်ပြီး အဲဒီသူဟာ အန္တရာယ် ရှိတဲ့ အစွန်းရောက် အမြင်မျိုးတွေ ကိုင်စွဲ ထားသူ ဖြစ်တယ် ဆိုတဲ့ အကြောင်း MI 5 ထောက်လှမ်းရေး အဖွဲ့ ဆီကို ၃ ကြိမ်ထက် မနည်း သတင်း ပေးမှုတွေ ရှိခဲ့ပါတယ်။

ဒီလို သတင်းပို့မှုတွေ ရှိလျက်သားနဲ့ ဆာလ်မန် အဘာဒီ အပေါ် လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု ပေးလာနိုင်သူ အဖြစ် သဘောထား ကိုင်တွယ်ဖို့ရာ M I 5 က ဘာ့ကြောင့် ပျက်ကွက် ခဲ့သလဲ ဆိုတဲ့ မေးခွန်း ထွက်လာခဲ့ပါတယ်။

အခု အခါမှာတော့ ဆာလ်မန် အဘာဒီ အကြောင်း ရရှိခဲ့တဲ့ သတင်းတွေ အပေါ် ဘယ်လိုဘယ်ပုံ ကိုင်တွယ် ခဲ့တယ် ဆိုတာကို MI 5 ဌာနတွင်း တရားဝင် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် တော့မှာ ဖြစ်ပါတယ်။

အခုလိုမျိုး MI 5 အနေနဲ့ ဌာနတွင်း စုံစမ်းမှုတွေ ပြုလုပ် မယ် ဆိုတာကို ယူကေ ပြည်ထဲရေး ဝန်ကြီး အဲမ်ဘာ ရာ့ဒ်ကလည်း ထောက်ခံ အားပေးပါတယ်။

အကြမ်းဖက် အန္တရာယ် ရှိနိုင်တယ်၊ အစွန်းရောက် အမြင်မျိုး ရှိတယ် ဆိုတဲ့ သတင်းတွေကြောင့် ထောက်လှမ်းရေးက စောင့်ကြည့် ရသူတွေဟာ လောလောလတ်လတ်မှာကို လူ ၂ သောင်း ဝန်းကျင် ရှိနေတာကြောင့် အဲဒီ အရေအတွက်ထဲကနေ တစ်ယောက်ချင်းစီ အပေါ် အတိအကျ သုံးသပ် နိုင်ဖို့ အင်မတန် ခက်တယ် ဆိုပြီး ယူကေ အကြမ်းဖက် နှိမ်နှင်းရေး ဌာနကို ဦးဆောင် ခဲ့ဖူးတဲ့ ခရစ် ဖိလစ်က ဘီဘီစီကို ပြောပါတယ်။

ဆာလ်မန် အဘာဒီ ရဲ့ ဖခင် ဖြစ်သူ ရာမဒန် အဘာဒီ ကတော့ သူ့သားဟာ အကြမ်းဖက် အတွေးအခေါ်မျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး မန်ချက်စတာ တိုက်ခိုက် ခံရမှုမှာ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိလိမ့်မယ်လို့ ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

မန်ချက်စတာမြို့ ဇာတိ ဖြစ်တဲ့ ဆာလ်မန် အဘာဒီဟာ လစ်ဗျား မိဘတွေကနေ ပေါက်ဖွား လာသူ ဖြစ်ပါတယ်။

ဆာလ်မန် အဘာဒီဟာ အသက် ၁၆ နှစ်သား အရွယ်မှာ ကျောင်းပိတ်ရက်တွေ ဆိုရင် လစ်ဗျားကို သွားပြီး ဖခင် ဖြစ်သူ နဲ့အတူ အဲဒီ အချိန်က လစ်ဗျား အာဏာရှင် ဗိုလ်မှုးကြီး ဂဒါဖီကို တိုက်ခိုက် ခဲ့တယ်လို့ ဘီဘီစီ အနေနဲ့ သိရှိ ထားပါတယ်။

မန်ချက်စတာ ကောလိပ်မှာ ဆာလ်မန် အဘာဒီနဲ့ အတူ တက်ခဲ့ဖူးတဲ့ နှစ်ယောက်ကတော့ ဆာလ်မန် မှာ အစွန်းရောက် အမြင်တွေ ရှိကြောင်း အကြမ်းဖက် တိုက်ဖျက်ရေး အရေးပေါ် တယ်လီဖုန်း လိုင်းကို သူတို့ ဆက်သွယ်ပြီး သတိ ပေးခဲ့ဖူး တယ်လို့ အတည် ပြုထားပါတယ်။

မန်ချက်စတာ တိုက်ခိုက် ခံခဲ့ရမှု နဲ့ ပတ်သက်ပြီး ရဲ တပ်ဖွဲ့က ဆက်လက် ဖမ်းဆီးတာတွေ၊ ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ် နေပါတယ်။

လောလော ဆယ်မှာ လူ ၁၄ ယောက်ကို ရဲက စစ်ဆေး မေးမြန်း နေပါတယ်။

မေလ ၂၂ ရက်နေ့က ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ယောက် အပါအဝင် ၂၂ ယောက် သေဆုံး ခဲ့ရပါတယ်။