ပြင်သစ်ရောက် ရုရှ သမ္မတ ဆီးရီးယား အရေး ပွင့်လင်းစွာ ဆွေးနွေး

  • 30 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါတု လက်နက် တွေ နဲ့ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွား ခဲ့မယ်ဆိုရင် ပြင်သစ် အနေနဲ့ လက်တုန့် ပြန်ဖို့ အသင့်ရှိကြောင်း ကိုလည်း သူက ထုတ်ဖော်

ရုရှ အနေနဲ့ ဆီးရီးယားက ဓါတု လက်နက် အသုံးပြု ပြီး တိုက်ခိုက်မှုတွေ ကို တားမြစ် ဖို့ တာဝန်ရှိကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်း က ရုရှ သမ္မတ နဲ့ တွေ့ဆုံ စဉ်မှာ ပြောကြား လိုက်ပါတယ်။

ပြင်သစ် သမ္မတ ကဆီးရီးယား နိုင်ငံ က တိုက်ပွဲ တွေ နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ကြားမှာ သတင်းအချက် အလက် ဖလှယ် ကြဖို့ ရုရှ သမ္မတ နဲ့ ဆွေးနွေး ခဲ့ကြောင်း သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ နိုင်ငံတကာ က တားမြစ် ထားတဲ့ ဓါတု လက်နက် တွေ နဲ့ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွား ခဲ့မယ်ဆိုရင် ပြင်သစ် အနေနဲ့ လက်တုန့် ပြန်ဖို့ အသင့်ရှိကြောင်း ကိုလည်း သူက ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

ဗာဆိုင်း နန်းတော်မှာ ရုရှ သမ္မတ နဲ့ တွေ့ဆုံ စဉ်အတွင်း၊ ဆီးရီးယား အရေး နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အကြား သဘောမတူညီ မှုတွေ ရှိခဲ့ပေမယ့် ကောင်းမွန် တဲ့ တွေ့ဆုံမှု မျိုး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှ သမ္မတ ပူတင် ကတော့ နိုင်ငံ တကာ ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ က ရုရှ ရဲ့ အကြမ်းဖက် မှု တိုက်ဖျက်ရေး အစီအစဉ် တွေကို ကူညီရာ မရောက်ဘူးလို့ ပြောကြား သွားခဲ့ပါတယ်။  

ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ရုရှသမ္မတ ပူတင် နဲ့ ပြင်သစ်သမ္မတ မက်ကရွန်း တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ မှာ အဓိက ထားဆွေးနွေးကြတဲ့ အထဲမှာ ယူကရိန်း နိုင်ငံ နဲ့ ဆီးရီးယား ပဋိပက္ခ အပြင် ပြီးခဲ့တဲ့ ပြင်သစ်ရွေးကောက်ပွဲ တုန်း က ရုရှ ထောက်လှမ်းရေး ဟက်ကာ တွေ က ဝင်ရောက်နှောက်ယှက် ဖို့ ကြိုးစားတယ် လို့ ပြင်သစ်ဘက် က စွပ်စွဲ ခဲ့တာ ရှိပါတယ်။ သမ္မတ ပူတင် ဘက် ကတော့ ငြင်းပါတယ်။ ဒါ့အပြင် သမ္မတ မက်ကရွန်း နဲ့ ယှဉ်ပြိုင် တဲ့ မာရင်းလပဲန်း ကိုလည်း ရုရှ က ထောက်ခံ ခဲ့တာပါ။

ဒါကြောင့်မို့ သူတို့ နှစ် ယောက် တွေ့ဆုံမှု ဟာ နွေးနွေးထွေးထွေး မရှိလှပဲ အလုပ်သဘောဆန်တာ ပဲ တွေ့ရပါတယ်။

ဆီးရီးယား အရေးဖြေရှင်းရေး အတွက် ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု လိုချင်ပါတယ်။ ကျနော် တို့ အကြားမှာ ဦးစားပေး ဆောင်ရွက် စရာ ရှိတာက အကြမ်းဖက်မှု တိုက်ဖျက်ရေးပဲ ဖြစ်ပါတယ်။ဆီးရီးယား က ဓါတုလက်နက် သုံးစွဲမှု ကို လုံးဝ လက်မခံနိုင်သလို လူသားထု ကူညီစောင့်ရှောက် ရေး အပိုင်းကိုလည်း လမ်းဖွင့်ပေးစေချင်ပါတယ် လို့ ပြောတာပါ။

သမ္မတ ပူတင် ကတော့ကျနော်တို့ ဘက်ကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မှာ နိုင်ငံရဲ့ အချုပ်အချာ အာဏာ ကို ဖျက်ဆီး ပစ်ရမယ် ဆိုတာ ဟာ မဖြစ်နိုင်ပါဘူး။ ဒီနိုင်ငံ ဟာ ပြည်တွင်းရေး ကိစ္စတွေ နဲ့ကို အလူးအလိမ့် ခံနေရပါပြီ။အကြမ်းဖက်မှု ကို ညီညွတ်စွာနဲ့ တိုက်ဖျက်ရင် လိုရာ ပန်းတိုင်ရောက်မှာပါ လို့ ပြောပါတယ်။

ခြုံငုံ သုံးသပ်ရင်တော့ အထက်ပါ ခေါင်းဆောင် နှစ်ဦး ပထမဆုံး တွေ့ဆုံမှု ဟာ ချောမွေ့မှု မတွေ့ရတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆင် က ပြောပါတယ်။