အမေရိကန်က မစ်ဆိုင်းဒုံးခွင်းဒုံးတု အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့

  • 31 မေ 2017
ဓာတ်ပုံ မူပိုင် Missile Defense Agency
Image caption တိုက်တတိုက်နဲ့ တတိုက်အကြား ပဲ့ထိန်းစနစ်နဲ့ ပစ်လွှတ်တဲ့ မစ်ဆိုင်းဒုံးတွေကို ကြားဖြတ်တားဆီးဖို့ အမေရိကန် ပထမဆုံးအကြိမ် စမ်းသပ်အောင်မြင်

အမေရိကန်ကို ချိန်ရွယ် ပစ်ခတ်လာမယ့် ပဲ့ထိန်းစနစ် မစ်ဆိုင်းဒုံးတွေကို ကြားဖြတ် တားဆီးဖို့ စမ်းသပ် ဖန်တီးထားတဲ့ မစ်ဆိုင်းဒုံးခွင်းဒုံးတုတခုကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကြီးထွားလာနေတာကို တုံ့ပြန်တဲ့အနေနဲ့ ဒီလို စမ်းသပ်မှုမျိုး ပြုလုပ်တာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မြေပြင်အခြေစိုက် ကြားဖြတ် မစ်ဆိုင်းဒုံးခွင်းဒုံးတခုကို ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန် လေတပ်စခန်းတခုကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

မာရှယ်လ် ကျွန်းစု တနေရာကနေ ပစ်လွှတ်လိုက်တဲ့ ပစိဖစ်သမုဒ္ဒရာကို ဖြတ်လာတဲ့ မစ်ဆိုင်းဒုံးအတုတခုကို အဲဒီ မစ်ဆိုင်းဒုံးခွင်းဒုံးတုက အောင်မြင်စွာ ကြားဖြတ် တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစမ်းသပ်မှုဟာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုလို့ အမေရိကန် စစ်ဘက်ဆိုင်ရာက ပြောပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက မြောက်ကိုရီးယားက သူတို့ရဲ့ ၉ကြိမ်မြောက် ပဲ့ထိန်းစနစ် မစ်ဆိုင်းဒုံး စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။